လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်မှု
ပထမအကြိမ် ပြည်သူ့လွှတ်တော်မှ လယ်ယာမြေဥပဒေကို ၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် - ၁၁ အဖြစ် အတည်ပြုပြဋ္ဌာန်းပြီး နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊ ၆၂/၂၀၁၂ ဖြင့် လယ်ယာမြေဥပဒေသည် ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့တွင် လယ်ယာမြေဥပဒေ ပုဒ်မ ၂ အရ စတင်အာဏာတည်သည်ဟု သတ်မှတ်ခဲ့ပါသည်။ လယ်ယာမြေဥပဒေသည် ထိုနေ့မှစ၍ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စတင်အာဏာတည်ခဲ့ပြီး ဖြစ်ပါသည်။
လယ်ယာမြေဥပဒေတွင် အခန်းပေါင်း (၁၃) ခန်း၊ ဥပဒေပုဒ်မပေါင်း (၄၃) ခု တို့ဖြင့် ရေးဆွဲထားရှိပြီး လယ်ယာမြေနည်းဥပဒေများကို လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန၏ အမိန့်ကြော်ငြာစာအမှတ်၊ ၂/၂၀၁၂ အဖြစ် (၃၁.၈.၂၀၁၂) ရက်နေ့တွင် အတည်ပြု ပြဌာန်းခဲ့ပါသည်၊၊ လယ်ယာမြေနည်းဥပဒေများတွင် အခန်းပေါင်း (၁၃) ခန်း၊ နည်းဥပဒေပေါင်း (၁၁၇) ခု တို့ဖြင့် ရေးဆွဲထားရှိပါသည်၊၊
၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့စွဲပါ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၁၃/၂၀၁၅ ဖြင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန (Settlement and Land Records Department - SLRD) အမည်ကို လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (Department of Agricultural Land Management and Statistics - DALMS) ဟု အမည် ပြောင်းလဲပြင်ဆင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ဒုတိယအကြိမ် ပြည်ထောင်စု အစိုးရအဖွဲ့ကို ဝန်ကြီးဌာနများ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် အမည်ပြောင်းလဲပြင်ဆင်ခြင်းတို့ ပြုလုပ်ခဲ့ရာ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် သမဝါယမဝန်ကြီးဌာနတို့ကိုပေါင်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဟု ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
ယင်းသို့ လယ်ယာမြေဥပဒေအရ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်တွင် တာဝန်ခံ ဆောင်ရွက်ရသည့် ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့၏ အမည်များ ပြောင်းလဲသွားသဖြင့် ပြင်ဆင် ခြင်း အပါအဝင် အခြားပြင်ဆင်ဖြည့်စွက်ရန် လိုအပ်ချက်များရှိလာသဖြင့် လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် ဒုတိယအကြိမ် လွှတ်တော်သို့ အဆိုပြု တင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၂) အဖြစ် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတမှ လက်မှတ်ရေးထိုး ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပါသည်။
ပြင်ဆင်သည့် ဥပဒေအရ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းကိစ္စရပ်များအတွက် လယ်ယာမြေနည်းဥပဒေများတွင် မြေနုကျွန်းမြေ လုပ်ကိုင်ခွင့် ချထားခြင်းကဲ့သို့ သီးခြား အခန်းတစ်ခုအဖြစ် ဖြည့်စွက်၍ ထည့်သွင်းပြဋ္ဌာန်းရန် လိုအပ်မည်ဖြစ်ကြောင်း တွေ့ရှိရပြီး အခြားသော ဖြည့်စွက်ပြင်ဆင် ပြဋ္ဌာန်းချက်များအရလည်း မူလလယ်ယာမြေနည်းဥပဒေ များတွင် ဖြည့်စွက်ပြင်ဆင်ရန် အချက်များ ရှိလာသည်ကို တွေ့ရှိရပါသည်။
လက်ရှိကာလတွင် တည်ဆဲလယ်ယာမြေဥပဒေပါ ပြဠာန်းချက်များနှင့်အညီ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ လယ်ယာမြေနည်းဥပဒေများပါ လုပ်ထုံးလုပ်နည်း များအပြင် ကိစ္စရပ်တစ်ခုချင်းစီအလိုက် လုပ်ဆောင်ရမည့် အချက်များကို ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ ထပ်ဆင့်ထုတ်ပြန် ဆောင်ရွက်လျက် ရှိပါသည်။
လယ်ယာမြေဥပဒေ၏ အခြေခံသဘောတရား (Basic Principle) မှာ လယ်ယာမြေ လုပ်ပိုင်ခွင့် (Right to Use the Farmland/ Land Use Right ) ဖြစ်ပါသည်။ လယ်ယာမြေ ဥပဒေပုဒ်မ ၃ (ခ) တွင် “လယ်ယာမြေလုပ်ပိုင်ခွင့်ဆိုသည်မှာ နိုင်ငံတော်သည် မြေယာ အားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်၍ လယ်ယာမြေကို စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရန် အလို့ငှာ ဤဥပဒေ၊ ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းများ နှင့်အညီ လက်ဝယ်ထားရှိ၍ စိုက်ပျိုးလုပ်ကိုင် အသုံးချခွင့်ပြုခြင်းကိုဆိုသည်။ သို့ရာတွင် မြေပေါ်မြေအောက်ရှိ ကျောက်မျက်၊ သတ္တု၊ ရေနံနှင့်ဓာတ်ငွေ့ စသည့် သဘာဝသယံဇာတများ ထုတ်ယူအသုံးချခွင့် မပါဝင်” ဟု ပြဋ္ဌာန်းထားပါသည်။
ဤပြဋ္ဌာန်းချက်အရ လယ်ယာမြေပိုင်ဆိုင်ခွင့်ဟု မသုံးသော်လည်း လယ်ယာမြေလုပ်ကိုင်မှု စနစ် (Land Tenure System) ဟု ဆိုနိုင်ပါသည်။ မြန်မာဘုရင်ခေတ် ဘိုးဘပိုင်နှင့် ကိုလိုနီခေတ် မြေကို လက်ဝယ်ထားရှိပိုင်ခွင့် (Land Holder’s Right) တို့နှင့် သဘောခြင်း တူညီသည်ကို တွေ့ရှိရပါသည်။ ဤဥပဒေတွင် ပြဋ္ဌာန်းထားသည့် လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူ၏ အခွင့်အရေးများအရ လယ်ယာမြေလုပ်ပိုင်ခွင့်ကို လွှဲပြောင်းနိုင်ခွင့် (Transferable Right) ပေးထားသဖြင့် တောင်သူလယ်သမား တစ်ဦးချင်းပိုင်ဆိုင်လုပ်ကိုင်မှု ပေးသောစနစ် (Proprietary Tenure) ဖြစ်ပါသည်။ ထို့ကြောင့် လယ်ယာမြေဥပဒေ၏ အနှစ်သာရမှာ တောင်သူလယ်သမား များ၏ အကျိုးစီးပွား ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လယ်ယာမြေလုပ်ပိုင်ခွင့် စနစ်သစ်ကို ဖော်ဆောင်ခြင်းဖြစ်ပြီး ခေတ်သစ်လယ်ယာမြေစနစ် ပြုပြင်ပြောင်းလဲရေး (Agrarian Reform) မူဝါဒ ချမှတ်လိုက်ခြင်းပင်ဖြစ်ကြောင်း တွေ့ရှိရပါသည်။
လယ်ယာမြေဥပဒေ၏ အဓိကရည်ရွယ်ချက်မှာ မိမိတို့ လက်ဝယ်ထားရှိ လုပ်ကိုင်လျက် ရှိသော လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် အခွင့်အရေးများကို ဥပဒေနှင့်အညီ သားစဉ်မြေးဆက် ခိုင်မာစွာရရှိရေး၊ တနည်းအားဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့် လုံခြုံစိတ်ချရမှု (Land Tenure Security) အပြည့်အဝရရှိရေး ဖြစ်ပါသည်။ လုပ်ပိုင်ခွင့် ခိုင်ခိုင်မာမာ ရရှိခြင်းဖြင့် မိမိတို့၏ လယ်ယာမြေကို ပိုမိုတန်ဖိုးထား၍ ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းအောင် ပိုမိုရင်းနှီး စိုက်ထုတ်ပြီး လယ်ယာထွက်ကုန်များ ပိုမိုတိုးတက်ထွက်ရှိအောင် အားစိုက်ကြိုးပမ်း လုပ်ကိုင်လာနိုင်ကြ မည် ဖြစ်ပါသည်။ လယ်ယာမြေဖွံ့ဖြိုးတိုးတက်ရေး (Land Development) ဆောင်ရွက်သည့် မြေပြင်မှသည် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းကွင်းဆက် တစ်လျှောက်လုံး ထိရောက်စွာ ရင်းနှီး စိုက်ထုတ် လုပ်ကိုင်လာခြင်းဖြင့် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရေး လုပ်ငန်းစဉ်အပါအဝင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန် မြှင့်တင်နိုင်ရန် ရည်ရွယ်ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ပါသည်။
လယ်ယာမြေနှင့်ပတ်သက်၍ ၁၉၅၃ ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေ၊ ၁၉၅၄ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးနည်းဥပဒေ၊ ၁၉၆၃ ခုနှစ်၊ သီးစားချထားရေး ဥပဒေ၊ ၁၉၆၃ ခုနှစ်၊ သီးစားချထားရေး နည်းဥပဒေများ ပြဋ္ဌာန်းခဲ့ပြီး ၁၉၅၃ ခုနှစ်မှစတင်ပြီး နိုင်ငံတော်က သီးစားချထား ပေးခြင်းကို ဆောင်ရွက်ခဲ့ရာ တောင်သူလယ်သမားများအနေဖြင့် လယ်ယာမြေကို လက်ရှိထားနိုင်ခွင့်၊ လုပ်ကိုင်နိုင်ခွင့်၊ ယင်းသို့ လုပ်ကိုင်ရာမှ ပေါ်ထွက်လာသော အကျိုးအမြတ်ကို ခံစားနိုင်ခွင့် စသည့် အခွင့်အရေးကိုသာ ရရှိခဲ့ကြပြီး လယ်ယာမြေကို ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်၊ ပေးကမ်းခွင့်၊ အမွေဆက်ခံခွင့် အခွင့်အရေး များ မရရှိခဲ့ကြပါ။
လယ်ယာမြေများအား ယခုကဲ့သို့ လက်ရှိ ထားပိုင်ခွင့်၊ လယ်ယာမြေ လုပ်ပိုင်ခွင့်၊ ယင်းသို့ လုပ်ပိုင်ခွင့်မှ ပေါ်ထွက်လာသည့် အကျိုးအမြတ်ကို ခံစားပိုင်ခွင့်၊ အမွေ ဆက်ခံခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတရားရုံး၏ အဆုံးအဖြတ် ခံယူနိုင်ခွင့်တို့အပြင် လယ်ယာမြေကို ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့်ကိစ္စရပ် များအား စာချုပ်စာတမ်းဖြင့် တရားဝင်လွှဲပြောင်းခွင့် အခွင့်အရေးပေးခြင်းမှာ ၁၉၅၃ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ခွင့်ပြုပေးခဲ့ခြင်းသာ ဖြစ်ပါသည်။