Skip to main content

ဦးစီးဌာန၏နောက်ခံသမိုင်း

သမိုင်း

     စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနသည်နိုင်ငံတော်၏ မြေအသုံးချမှုနှင့် လယ်ယာကဏ္ဍဆိုင်ရာ စာရင်းအင်းများ ပြုစု ထုတ်ပြန်ခြင်း၊ မြေယာလုပ်ပိုင်ခွင့်/အသုံးပြုခွင့်မှတ်တမ်းများ ထိန်းသိမ်းဆောင်ရွက်ခြင်း၊ မြေခွန်၊ မြေငှားခွန်၊ ရေခွန်နှင့်တာတမံခွန်များ စည်းကြပ်ခြင်း၊ ပြည်သူတို့၏ အကျိုးစီးပွား ကာကွယ်ရန်နှင့် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာရရှိရန် စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်း လုပ်ငန်း ဆောင်ရွက်ခြင်းနှင့် လယ်ယာမြေ၊ မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးလုပ်ငန်းများတွင်အဓိကနေရာမှ ပါဝင်ဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့်နိုင်ငံတော်အတွက်အရေးပါသည့်အဖွဲ့အစည်းကြီးတစ်ခုဖြစ်သည့်အလျောက်ဝန်ထမ်းအင်အား (၁၈,၅၀၀) ကျော်ဖြင့် နိုင်ငံတော်တစ်ဝန်းလုံးရှိ ကျေးလက်/ မြို့ပြများ အားလုံးနီးပါးတွင် တာဝန်ခံဝန်ထမ်းများခန့်အပ်၍ဖွဲ့စည်းထားသည့်ဌာနဆိုင်ရာအဖွဲ့အစည်းကြီးတစ်ခုဖြစ်သည့်အပြင်ဌာနသက်တမ်းအနေဖြင့်လည်း ဌာနဖြစ်တည်ရန် စတင်သန္ဓေတည်လာခဲ့သည့် ၁၈၇၉ ခုနှစ်မှ စတင်ရေတွက် ပါက (၁၄၄) နှစ်၊ ဌာနသီးခြား စတင်ရပ်တည် လာခဲ့သည့် ၁၉၀၆ ခုနှစ်မှ စတင်ရေတွက်ပါက (၁၁၇) နှစ် သက်တမ်းရှိပြီး ခေတ်ကာလအမျိုးမျိုးကို ဖြတ်သန်းလာခဲ့ရာတွင် လုပ်ငန်းတာဝန် အမျိုးမျိုး တိုးချဲ့လုပ်ကိုင် ဆောင်ရွက်လာခဲ့ပါသည်။ပြုစုတင်ပြဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်မှာ ဌာနဖြစ်တည် ဖွဲ့စည်းပေါ်ပေါက်လာပုံ၊ ဌာန၏ မူလရည်ရွယ်ချက်နှင့်လုပ်ငန်းတာဝန်များ၊ ဌာနလုပ်ငန်းများ လည်ပတ်ဆောင်ရွက်ပုံ အခြေခံ သဘောတရားများအပါအဝင် နိုင်ငံတော်တွင် ပြောင်းလဲဖြစ်ပေါ်လာသည့်အခြေအနေများအရ လည်းကောင်း၊ ဌာနအနေဖြင့် အဆင့်ဆင့်ပြောင်းလဲရောက်ရှိလာခဲ့သည့် မိခင်ဝန်ကြီးဌာ၏ မူဝါဒနှင့်လုပ်ငန်းသဘာဝများအရလည်းကောင်း ယနေ့အချိန်တွင် ဌာန၏ မူလလုပ်ငန်းတာဝန် များအပြင် လုပ်ငန်းတိုးချဲ့ ဆောင်ရွက်ခဲ့ရမှု အခြေအနေများအား နိုင်ငံတော်အစိုးရနှင့် မိခင်ဝန်ကြီးဌာန၏ မူဝါဒပိုင်းဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များအပါအဝင် လက်ရှိဌာနတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် အရာထမ်း/ အမှုထမ်း၊ ဝန်ထမ်းကြီး/ငယ်များအနေဖြင့် သိရှိလေ့လာ မှတ်သား၍ နိုင်ငံတော်၊ ဝန်ကြီးဌာနနှင့် ပြည်သူ့အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနလုပ်ငန်းများကို သဘောတရားမှန်ကန်ခိုင်မာစွာဖြင့် အားသွန်ခွန်စိုက် မောင်းနှင်ဆောင်ရွက် နိုင်ရေး ရည်ရွယ်ချက်ဖြင့် ပြုစုတင်ပြခြင်းဖြစ်ပါသည်။ 

ကြေးတိုင်နှင့်မြေစာရင်းဌာနအား မြေခွန်တော်စည်းကြပ်ခြင်းလုပ်ငန်းကို ထိရောက် ကျယ်ပြန့်စွာတိုးချဲ့ လုပ်ကိုင်နိုင်ရန်အတွက် ဗြိတိသျှကိုလိုနီအစိုးရလက်ထက် ၁၉၀၆ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် ယခင်ကြေးတိုင်၊မြေစာရင်းနှင့်စိုက်ပျိုးရေးဌာန (Directorate of Settlement, Land Records and Agriculture) မှ စိုက်ပျိုးရေးဌာနကို ခွဲထုတ်၍ ကြေးတိုင်နှင့်မြေစာရင်းဌာန (Commissioner of Settlement and Director of Land Records Department) အဖြစ် စတင်ဖွဲ့စည်းခဲ့ပါသည်။ ဌာနစတင်ဖွဲ့စည်းစဉ်က အခွန်ဝန်ကြီးဌာန (Revenue Department) လက်အောက်တွင် တည်ရှိခဲ့ပြီး၊ ၁၉၃၂ ခုနှစ်တွင် ဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းမှုအရ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန (Finance and Revenue Department) လက်အောက်သို့လည်းကောင်း၊ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ၁၉၅၂ ခုနှစ်တွင် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး ဝန်ကြီးဌာန လက်အောက်သို့လည်းကောင်း၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဝန်ကြီးဌာန ဖျက်သိမ်းပြီးနောက် ၁၉၇၂ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောဝန်ကြီးဌာန လက်အောက် သို့လည်းကောင်း ပြောင်းလဲရောက်ရှိလာခဲ့၍ မိခင်ဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ သတ်မှတ်လုပ်ငန်းတာဝန်များကို  ဆောင်ရွက်လာခဲ့ရာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ (၂၈.၄.၂၀၁၅) ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၁၃/၂၀၁၅)  ဖြင့်ခွင့်ပြုချက် အရ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနအား လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန အမည်သို့ ပြောင်းလဲအသုံးပြုခဲ့ပါသည်။

၃.၁။ ဌာနဖြစ်ပေါ်ရန်အခြေခံများ

ဗြိတိသျှတို့သည် ၁၈၂၆ ခုနှစ်တွင် ရခိုင်နှင့်တနင်္သာရီကမ်းရိုးတမ်းဒေသများကိုလည်းကောင်း၊ ၁၈၅၃ ခုနှစ်တွင် အောက်မြန်မာနိုင်ငံကိုလည်းကောင်း၊ ၁၈၈၅ ခုနှစ်တွင် အထက်မြန်မာနိုင်ငံကို လည်းကောင်း ကျူးကျော်သိမ်းပိုက်ခဲ့သော်လည်း ဘုရင်ခံချုပ်၊ ဘုရင်ခံ၊ ဒုတိယဘုရင်ခံတို့မှာ အိန္ဒိယနိုင်ငံတွင် ရုံးစိုက်ပြီး၊ ဒုတိယဘုရင်ခံထက် တဆင့်နိမ့်သော မဟာဝန်ရှင်တော်မင်းကြီး (Chief Commissioner) တစ်ဦးကို မြန်မာနိုင်ငံသို့ စတင်စေလွှတ်၍ ၁၈၉၆ ခုနှစ်အထိ အုပ်ချုပ် စေခဲ့ပါသည်။ ၁၈၉၇ ခုနှစ်တွင် ဒုတိယဘုရင်ခံ (Lieutenant Governor) မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မဟာဝန်ရှင်တော်မင်းကြီးထံမှ အုပ်ချုပ်ရေးလုပ်ငန်းတာဝန်ကို လွှဲယူ၍ ဆက်လက်အုပ်ချုပ်ခဲ့ပါသည်။

ဗြိတိသျှနယ်ချဲ့တို့ မြန်မာနိုင်ငံကို စတင်တိုက်ခိုက်စဉ်က မြန်မာ့ကျွန်းသစ်ကို မျက်စေ့ ကျပြီး ရန်စ၍ စစ်မက်ဖြစ်ပွားသည်ဟုဆိုသော်လည်း မြေသယံဇာတ ပေါကြွယ်ဝသော မြန်မာနိုင်ငံမှ လယ်ယာမြေများကို တိုးချဲ့စေပြီး စိုက်ပျိုးမြေ အားလုံးအပေါ်မှ မြေခွန်စည်းကြပ် ကောက်ခံစေခြင်းဖြင့် ၎င်းတို့တည်ဆောက် အခြေစိုက်သည့် ဗျူရိုကရေစီအုပ်ချုပ်ရေးယန္တရား အာဏာစက်တည်တံ့ ခိုင်မြဲစွာ ရပ်တည်လည်ပတ်နိုင်ရေးနှင့် မြေယာကုန်ထုတ်လုပ်မှုကို လက်ဝါးကြီးအုပ်၍ ကုန်သွယ်မှုမှ အမြတ်ထုတ်ရန်တို့ကိုပါ ကြိုးပမ်းလာခဲ့ကြပါသည်။ လယ်ယာ မြေများ တိုးချဲ့စိုက်ပျိုးရေးကို အာရုံစိုက်လာသည်နှင့်အညီ ဝမ်းစာအတွက် စိုက်ပျိုးထုတ်လုပ် ခြင်းမှ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ခြင်းကို ဦးတည်ချက်ထားလျက် မြေယာပိုင်ဆိုင်လုပ်ကိုင်မှု စနစ် (Land Tenure System)  အမျိုးမျိုးဖြင့် တောင်သူလယ်သမားများနှင့် ငွေကြေးစိုက်ထုတ် လုပ်ကိုင်နိုင်သူများအား ချထားလုပ်ကိုင်စေခဲ့ရာ မြေခွန်၊ မြေတိုင်း၊ ကြေးတိုင်၊ မြေစာရင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ပေါင်းစပ်ပြီး လုပ်ကိုင်လာရပါသည်။

မြန်မာနိုင်ငံသို့ စတင်ကျူးကျော်သိမ်းပိုက်စဉ်ကပင် ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တရား တည်ဆောက်နိုင်ရေးအတွက် အခွန်များရှာဖွေရာရန် မြေခွန်တော်ကို အဓိက အာရုံစိုက်ပြီး လယ်ယာမြေတိုးချဲ့၍ အသေးစား၊ အကြီးစားလုပ်ကိုင်မှုနှင့် သမဝါယမလုပ်ကိုင်မှုတို့ကို စနစ်အမျိုးမျိုးတို့ဖြင့် ချထားပေးပြီး မြေခွန်စည်းကြပ်ကြသည်။ စိုက်ပျိုးလုပ်ကိုင်မှုမှ ပေါ်ထွက်လာသော သီးနှံထွက်ကုန်ကိုလည်း ချုပ်ကိုင်၍ နိုင်ငံခြားနှင့် ကုန်သွယ်မှု ပြုလုပ်ကြသည်။ ယင်းသို့ဆောင်ရွက်ရာတွင် မြေခွန်ကို အကြမ်းဖျင်းတွက်ချက် (Rough Assessment) စည်းကြပ်၍ သီးနှံထွက်ကုန်စာရင်းကို မှန်းခြေစာရင်း (Forecast) များဖြင့် ခန့်မှန်းတွက်ချက်ကြသည်။ အိန္ဒိယမှ မြန်မာပြည်သို့ ခေါ်ယူလာသော အမှုထမ်းများထဲတွင် အုပ်ချုပ်ရေး၊ ကုန်သွယ်ရေး၊ မြေခွန်၊ မြေတိုင်း၊ ကြေးတိုင်နှင့် စိုက်ပျိုးရေးဆိုင်ရာ ဌာနများမှ ဖြစ်ကြ၍ မိမိဌာနနှင့် သက်ဆိုင်ရာလုပ်ငန်းများတွင် ကျွမ်းကျင်သူများ ဖြစ်သည်နှင့်အညီ မြေခွန်စည်းကြပ်ရေးနှင့် သီးနှံကုန်သွယ်ရေးလုပ်ငန်းတို့တွင် ခန့်မှန်းချက်အရသာ ဖြစ်သဖြင့် နိုင်ငံတော်ဘဏ္ဍာငွေယိုဖိတ်နေသည်ဟု သဘောပေါက်လာပြီး မြေခွန်တော်စည်းကြပ်ရေးနှင့် ကုန်သွယ်ရေးတို့တွင် အခြေခံရမည့် စာရင်းဇယားများ ရရှိရေးကို စဉ်းစားလာကြသည်။

ယင်းသို့ဖြင့် မြန်မာပြည်တဝှမ်း ကွက်စိပ်ကွင်းမြေပုံများ တိုင်းတာ၍ ဧရိယာစာရင်း များ ထုတ်လုပ်ခြင်း၊ တိုင်းတာပြီးကွင်းများကို ကြေးတိုင်စိုက်၍ ကွင်းအလိုက်၊ ဦးပိုင်အလိုက် မြေအသုံးချမှု မှတ်ပုံစာရင်းများကို ပြုစုဆောင်ရွက်လာကြသည်။ အဆိုပါ ကွင်းအလိုက် တိုင်းတာပြုစုထားသော စာရင်းဇယားများ၊ အခွန်တော်ပြန်တမ်းများကို အခြေပြုပြီး ဘဏ္ဍာတော် ယိုဖိတ်မှုမရှိဘဲ တိကျမှန်ကန်သည့် အခွန်စည်းကြပ်မှုနှင့် သီးနှံထုတ်လုပ်မှုစာရင်းများ တိုင်းတာ ကောက်ယူခြင်း ဆောင်ရွက်လာနိုင်ခဲ့ကြပါသည်။

၃.၂။ ဌာနစတင်သန္ဓေတည်ခြင်း

ဗြိတိသျှတို့သည် ၁၈၂၆ ခုနှစ်တွင် ရန္တပိုစာချုပ်အရ ရခိုင်နှင့်တနင်္သာရီကို သိမ်းပိုက်ပြီး မြန်မာနိုင်ငံတွင် ဗျူရိုကရေစီယန္တရားတစ်ခု တည်ဆောက်နိုင်ရေးအတွက် အခွန်ရရှိရေးကို အာရုံစိုက် ခဲ့ပါသည်။ မြေခွန်ရရှိရေးအတွက် ရှေ့ပြေးလုပ်ငန်းအဖြစ် မြေမျက်နှာပြင်မြေပုံများ (Topographical Maps) တိုင်းတာရေးဆွဲရန် အိန္ဒိယနိုင်ငံမှပါလာသော ဝန်ထမ်းများဖြင့် Revenue Survey Department ကိုဖွဲ့စည်း၍ ခရိုင်များတွင် မြေတိုင်းရုံးများ ဖွင့်လှစ်ကာ မြေတိုင်းအရာရှိများခန့်အပ်ပြီး Surveyor-General of India ကိုယ်တိုင် မြန်မာနိုင်ငံသို့ လာရောက်ရုံးထိုင်ကာ စီမံကွပ်ကဲခဲ့ပါသည်။ မြေတိုင်းမှန်ပြောင်းနှင့် သံကြိုးကို အသုံးပြုပြီး ကွက်ကြဲတိုင်းတာသည့် စနစ်ဖြင့် မြေမျက်နှာပြင်မြေပုံများ (Topographical Maps) တိုင်းတာ ထုတ်လုပ်ခဲ့ပြီး၊ သူကြီးများ အခွန်ခန့်မှန်းစည်းကြပ်ရာတွင် အညွှန်းပြမြေပုံအဖြစ် အသုံးပြုခဲ့ ပါသည်။

မြေခွန်ကို  မြန်မာဘုရင်များ လက်ထက်တွင် နွားရှဉ်းအရေအတွက် ပေါ်တွင်မူတည်၍ လည်းကောင်း၊ ထွက်ရှိသော သီးနှံ၏ ဆယ်ပုံတစ်ပုံကိုလည်းကောင်း စည်းကြပ်ကောက်ခံခဲ့ ကြောင်း၊ မင်းတုန်းမင်းလက်ထက် မြတောင်ဝန်နှင့် မန်လည်ဝန်တို့သည် အခွန်ကောက်ခံရရှိ သည့် သီးနှံများကို လှေကြီးများဖြင့် သယ်ဆောင်ပြီး ကျီတော်ကုန်းသို့ ပို့ကြကြောင်း ကြေးတိုင် အစီရင်ခံစာတွင် ဖေါ်ပြထားပါသည်။ သီပေါမင်းလက်ထက်တွင် သီးနှံဆက်သရခြင်း မရှိတော့ဘဲ ဒေသပေါက်ဈေးဖြင့် ရောင်းချ၍ တန်ဘိုးဖြစ်သောငွေကိုသာ ဆက်သကြရကြောင်း၊ ထို့အပြင် အခွန်ထမ်းဆောင်သူ၏ ဝင်ငွေထဲမှဆယ်ပုံတစ်ပုံကို သဿမေဓခွန် ကောက်ခံကြောင်းလည်း လေ့လာတွေ့ရှိရပါသည်။

Revenue Survey Department သည် စိုက်ပျိုးမြေများ၊ ငါးဖမ်းလုပ်ငန်းများ၊ မြေလွတ်၊ မြေရိုင်း ဂရန်ချထားပေးသော နယ်နိမိတ်များနှင့် ကျေးရွာသူကြီးများ၏ အခွန်ခွဲတမ်းများ (Assessment-rolls) ကို စစ်ဆေးခဲ့ရပါသည်။ Revenue Survey Department အောက်တွင် Revenue Settlement Officers များနှင့် Superintendents of Survey တို့၏ ကြီးကြပ်မှုဖြင့် မြေခွန်တော်ကို သတ်မှတ်နှုန်းထားအတိုင်း ကောက်ခံနိုင်စေရန် မြေခွန်တော်သတ်မှတ်သည့် လုပ်ငန်း (Land Revenue Settlement Operation) ကို ဆောင်ရွက်ပြီး သက်တမ်း ၃ နှစ်၊ ၅ နှစ်၊ ၁၀ နှစ် ထားရှိ၍ တစ်ဧကအခွန်နှုန်း (Fixed Rate Per Acre) သတ်မှတ်ဆောင်ရွက်ခဲ့ပါသည်။  ၁၈၄၇ ခုနှစ်၊ ဆာအာသာရုဖယ်ယာ လက်ထက်မှစတင်ပြီး သဘာဝအပိုင်းအခြားအရ ကွင်းဖွဲ့တိုင်းတာ၍ မြေခွန်တော်စည်းကြပ်ကောက်ခံခြင်းများ ဖြစ်ပေါ်လာပါသည်။ ၁၈၅၂ ခုနှစ် တွင် ပထမဆုံးအနေဖြင့် မြေဧကအလိုက် မြေခွန်တော်စည်းကြပ်မှုကို ပဲခူးမှ စတင်ခဲ့ပါသည်။

မြေခွန်ကို သူကြီးနှင့် မြေတိုင်းစာရေးများ အခြေခံစာရင်းမြေပုံများမရှိဘဲ ခန့်မှန်း စည်းကြပ်ကောက်ခံခဲ့ကြရာ မြေခွန်တော်ကို ခန့်မှန်းစည်းကြပ်ခြင်းမှာ တိကျသော အခွန် စည်းကြပ်မှု မရရှိနိုင်သဖြင့် အသေးစိတ် မြေတိုင်းတာပြီး မြေပုံထုတ်လုပ်၍ ကြေးတိုင်လုပ်ငန်း များ (Settlement Operation) လုပ်သင့်ကြောင်း မဟာဝန်ရှင်တော်မင်းကြီးက ဗြိတိသျှ-အိန္ဒိယအစိုးရထံ တင်ပြမှုကြောင့် ဗြိတိသျှ-အိန္ဒိယအစိုးရမှ ၁၈၇၉ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက် နေ့တွင် မြေတိုင်းဥပဒေကြမ်း (Survey Bill) ကို ထုတ်ပြန်၍ ကွက်စိပ်တိုင်းတာရေး (Cadastral Survey) အစီအစဉ်ကို ချမှတ်ခဲ့ပါသည်။ ထို့အပြင် Revenue Settlement Department ဖွဲ့စည်း၍ ကွက်စိပ်မြေတိုင်းခြင်းနှင့် ကြေးတိုင်လုပ်ငန်းများ ဆောင်ရွက်ရန် မြေတိုင်းအရာရှိနှင့် ကြေးတိုင်အရာရှိများ ခန့်အပ်ခဲ့ပါသည်။

Surveyor-General of India ၏ တိုက်ရိုက်ကြီးကြပ်မှုဖြင့် မြန်မာပြည်တွင် ကွက်စိပ် မြေတိုင်းအဖွဲ့ (Cadastral Survey Party) (၁၀) ဖွဲ့ကို ဖွဲ့စည်းပြီး ၁၈၇၉ ခုနှစ်တွင် ဟံသာဝတီ ခရိုင်နှင့် ပုသိမ်ခရိုင်တို့၌လည်းကောင်း၊ ၁၈၈၇ ခုနှစ်တွင် မန္တလေးခရိုင်၌လည်းကောင်း ၁၆ လက်မ = ၁ မိုင် စကေး ကွက်စိပ်မြေပုံများ (Cadastral Kwin Maps) ကို စတင်တိုင်းတာ ခဲ့ပါသည်။ မြေတိုင်းအဖွဲ့ (Survey party) (၁၀) ဖွဲ့တို့မှ တိုင်းတာ၍ ကွက်စိပ်မြေပုံနှင့် ဧရိယာ စာရင်းထုတ်ထားသော နေရာများသို့ ကြေးတိုင်အဖွဲ့ (Settlement party)(၆)ဖွဲ့သည် ထပ်ချက် မကွာလိုက်၍ ကြေးတိုင်စိုက်သည့်လုပ်ငန်း (Settlement Operation) များ ဆောင်ရွက်ခဲ့ကြ ပါသည်။

၁၈၈၀ ခုနှစ်တွင် မြန်မာနိုင်ငံ နယ်သတ်ဥပဒေ ပြဋ္ဌာန်း၍ မြေတိုင်းလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်သကဲ့သို့ ကွင်းအလိုက် နှုန်းထားအစား မြေမျိုးအတန်းအစားအလိုက် နှုန်းထား (Soil Class Rate) ကို ရပ်ကွက် (Tract) တစ်ခုချင်းတွင် သတ်မှတ်ရန် မဟာဝန် ရှင်တော်မင်းကြီးမှ Directions to the Revenue Officers နှင့် Directions to Settlement Officers လမ်းညွှန်ချက်များကိုလည်း ထုတ်ပြန်ခဲ့ပါသည်။

၁၈၈၃ ခုနှစ်တွင် ပုသိမ်ခရိုင်နှင့် မြောင်းမြခရိုင်တို့တွင် ကြေးတိုင်စိုက်ခဲ့ပြီးနောက် ပြင်ဆင်ကြေးတိုင် (Revision Settlement) ကို ၁၈၉၇ ခုနှစ်တွင် ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ကြေးတိုင်လုပ်ငန်းများသည် နောင်သောအခါ မြေခွန်စည်းကြပ်ရေးနှင့် လယ်ယာကဏ္ဍစာရင်းအင်း ထုတ်ပြန်ရေးတို့အတွက် ဖွဲ့စည်းပေါ်ပေါက်လာမည့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနအတွက် မြေယာပိုင်ဆိုင်လုပ်ကိုင်မှုစုံစမ်းခြင်း (Land Tenure Enquiry) နှင့်မြေယာအသုံးချမှု (Land Utilization) များ သတ်မှတ်ဆောင်ရွက်၍ မှတ်ပုံစာရင်းများ ကနဦးပြုစုပေးရသော လုပ်ငန်းများဖြစ်ခဲ့ပါသည်။

ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတွင် မြေတိုင်းလုပ်ငန်း စတင်ဆောင်ရွက်ခဲ့သည်မှာ ကြေးတိုင်ဌာနခွဲ ဖြစ်ပါသည်။ မြေခွန်ကို ခန့်မှန်းစည်းကြပ်ခြင်းမှာ ဗြိတိသျှနယ်ချဲ့အစိုးရ အတွက် ဘဏ္ဍာငွေယိုဖိတ်မှုရှိနေသည်ကို အကြောင်းပြု၍ မဟာဝန်ရှင်တော်မင်းကြီးက ဗြိတိသျှ-အိန္ဒိယအစိုးရထံ တင်ပြတောင်းဆိုမှုအရ ကွက်စိပ်ကွင်းမြေပုံတိုင်းတာခွင့် ရရှိသည် နှင့်အညီ မြေခွန်စည်းကြပ်ရေးအတွက် မြေခွန်နှုန်းထားများ သတ်မှတ်ရန် ကြေးတိုင်စိုက် ရာတွင် မြေကွက်အလိုက် ဧရိယာနှင့်မြေပုံများရရှိလိုသဖြင့် မြေတိုင်းတာခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ တိုင်းတာရရှိသော ကွင်းမြေပုံများကို ကြေးတိုင်စိုက်၍ မြေခွန်စည်းကြပ်ခြင်းလုပ်ငန်း များ ဆောင်ရွက်နိုင်ရန်အတွက် အခွန်နှင့်ကြေးတိုင်ဌာနတို့ကို ပေါင်းစပ်၍ Revenue Settlement Department ကို ၁၈၇၉ ခုနှစ်တွင် ဖွဲ့စည်းလိုက်ခြင်းသည် ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာနအား စတင်သန္ဓေတည်ခဲ့သည်ဟု ဆိုရမည်ဖြစ်ပါသည်။

၃.၃။ ဌာနစတင်မွေးဖွားခြင်း

အောက်မြန်မာပြည်တွင် မြန်မာဘုရင်လက်ထက်၌ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းထက် ဆားချက်သည့်လုပ်ငန်းနှင့် ငါးဖမ်းသည့်လုပ်ငန်းတို့ဖြင့် အများအားဖြင့် အသက်မွေးဝမ်းကျောင်း ကြရာ ကိုလိုနီအစိုးရလက်ထက်တွင် မြေလွတ်၊ မြေရိုင်းများ တိုးချဲ့လုပ်ကိုင်ရေးကို အခွင့်အရေး ပေး၍ လုပ်ကိုင်ခွင့်ပြုသည်နှင့်အညီ လယ်ယာမြေတိုးချဲ့လုပ်ကိုင်ခြင်းမှာ အရှိန်အဟုန်တိုးတက်လာပါသည်။ စာရင်းဇယားမှတ်တမ်းအရ ၁၈၃၀-၃၁ ခုနှစ် စပါးစိုက်ဧရိယာဧက (၀.၁၀၆) သန်းသာ ရှိခဲ့ရာမှ ၁၈၈၀-၈၁ ခုနှစ်တွင် ဧရိယာ ဧက (၃.၁၀၂) သန်း သို့ ရောက်ရှိ လာသဖြင့် နှစ်ပေါင်း (၅၀) အတွင်း  စပါးစိုက်ဧရိယာတိုးချဲ့လာမှုမှာ ဧက (၃) သန်းခန့် တိုးလာ သောကြောင့် စပါးနှင့်အခြားသီးနှံ စိုက်ပျိုးထုတ်လုပ်ရေးနှင့် နိုင်ငံခြားကုန်သွယ်ရေးတို့မှာ မြေခွန်တော်ရရှိရေးတို့နှင့်အတူ ရှေ့တန်းသို့ ရောက်ရှိလာပါသည်။

ကွင်းမြေပုံများ ပြုလုပ်သုံးစွဲလာသည့် နောက်တွင် မြေခွန်စည်းကြပ်မှု လုပ်ငန်းများကို စနစ်တကျလုပ်ကိုင်နိုင်ရန် ခရိုင်ဝန်များ၏ လက်အောက်၌ လယ်ဝန်နှစ်ဦးကို ၁၈၈၁-၈၂ နှင့် ၁၈၈၂-၈၃ ခုနှစ်တွင် စတင်ခန့်ထားခဲ့ပါသည်။ ယင်းသို့ဖြင့် ၁၈၈၃ ခုနှစ်တွင် မြေခွန်နှင့် စိုက်ပျိုးရေးဌာန (Land Revenue and Agriculture Department) ကို မြေခွန်၊ စိုက်ပျိုးရေး နှင့် ကုန်သွယ်ရေးကိစ္စတို့တွင် အထောက်အကူပြုစေရန် ဖွဲ့စည်းခဲ့ပြီး မြေခွန်ပြန်တမ်းများ ထုတ်ပြန်ခြင်း၊ ကြေးတိုင်သက်တမ်းသတ်မှတ်ခြင်း၊ မြေယာပိုင်ဆိုင်လုပ်ကိုင်မှု    (Land Tenure)  နှင့် မြေယာအသုံးချမှုတို့နှင့်ပတ်သက်သည့် စာရင်းများ စနစ်တကျ ဆောင်ရွက်ခဲ့ကြပါသည်။

၁၈၈၅-၈၆ ခုနှစ်တွင် အောက်မြန်မာပြည်၌ စပါးစိုက်ဧရိယာ (၃.၇) သန်း ဧကရှိလာပြီး နိုင်ငံခြားသို့ ဆန်တန်ချိန် (၉.၆၂) သိန်း တင်ပို့ရောင်းချရသော်လည်း အခြေခံစာရင်း ပြည့်စုံမှု မရှိသေးသဖြင့် သီးနှံထုတ်လုပ်မှုစာရင်းများကို သီးနှံခန့်မှန်းခြေစာရင်း (Crop Forecast) များဖြင့်သာ တွက်ချက်နေကြရသဖြင့် စာရင်းမြေပုံဖြင့် မြေခွန်နှင့်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကို တိုင်းတာ (Crop Survey) နိုင်မည့် မြေစာရင်းဌာနကို စိုက်ပျိုးရေးဌာနနှင့်ပူးပေါင်း၍ ၁၈၈၇ ခုနှစ်တွင် Department of Land Records and Agriculture ဌာနကို ဖွဲ့စည်း ဆောင်ရွက် စေပါသည်။ ၁၈၈၇ ခုနှစ်၊ မေလ(၁၂) ရက်နေ့တွင် Mr. W. T. Hall ကို Director of the Department of Land Records and Agriculture အဖြစ် ခန့်အပ်တာဝန်ပေးအပ်ခဲ့ပြီး ယင်းလက်အောက် တွင် ခရိုင်လယ်ဝန်ရာထူးများ ခန့်ထားဆောင်ရွက်ခဲ့ပြီး ဌာနကို နောက်ဆက်တွဲတိုင်းတာခြင်း ဌာန ဟုခေါ်ဆိုခဲ့ပါသည်။

၁၈၉၃ ခုနှစ်တွင် မြန်မာပြည်တစ်ဝန်း တိုင်းတာနေသော ကွက်စိပ်ကွင်းမြေပုံနှင့် မှတ်ပုံစာရင်းများမှာလည်း ပြီးစီးလုနီးပြီဖြစ်သဖြင့် မြေခွန်စည်းကြပ်မှု၊ လယ်ယာစိုက်ပျိုး ထုတ်လုပ်မှုနှင့် မြေယာအသုံးချမှုတို့ကို သီးသန့်လုပ်ကိုင်နိုင်ရန် Land Records Departmentကိုလည်းကောင်း၊ ၁၉၀၀ ပြည့်နှစ်တွင် မြေခွန်တော်နှုန်းထား သတ်မှတ်သည့် ကြေးတိုင်လုပ်ငန်းကို သီးသန့်လုပ်ကိုင်နိုင်ရန် Department of Settlement ကိုလည်းကောင်း ဖွဲ့စည်းခဲ့ပါသည်။

၁၉၀၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့တွင် ကြေးတိုင်လုပ်ငန်း၊ မြေစာရင်းလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို ပူးပေါင်း၍ Directorate of Settlement, Land Records and Agriculture ကို ဖွဲ့စည်းခဲ့ပြီး၊ ကြေးတိုင်မင်းကြီးနှင့် မြေစာရင်းနှင့်လယ်ယာစိုက်ပျိုးရေး ညွှန်ကြားရေးဝန်တို့၏ ရာထူးကို ပူးပေါင်း၍ မင်းကြီးတစ်ဦးတည်းအုပ်ချုပ်ခဲ့ပါသည်။

၁၉၀၆ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့တွင် မြေခွန်တော်စည်းကြပ်ခြင်းလုပ်ငန်းကို ထိရောက်ကျယ်ပြန့်စွာ တိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် စိုက်ပျိုးရေးဌာနကို ခွဲထုတ်၍ ကြေးတိုင် ဌာနနှင့်မြေစာရင်းဌာနတို့အား ပူးပေါင်းပြီး Commissioner of Settlement and Director of  Land Records Department ကို ဖွဲ့စည်းခဲ့သဖြင့် ကြေးတိုင်နှင့်မြေစာရင်းဌာန စတင်မွေးဖွား လာခဲ့ပါသည်။

၄။ အဆင့်ဆင့်ပြောင်းလဲလာသည့်ဖွဲ့စည်းလာမှုများ

ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနသည် ၁၉၀၆ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်၌ စတင်ဖွဲ့စည်းစဉ်က အခွန်ဝန်ကြီးဌာန (Revenue Department) လက်အောက်တွင်ရှိပြီး၊ ၁၉၃၂ ခုနှစ်နောက်ပိုင်းတွင် ဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းမှုအရ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဌာန (Finance and Revenue Department) လက်အောက်သို့ ရောက်ရှိခဲ့ပါသည်။

ဗြတိသျှနယ်ချဲ့အစိုးရလက်ထက်၌ အောက်မြန်မာပြည်တွင် လူခွန်နှင့် မြေခွန်၊ အထက်မြန်မာပြည်တွင် သဿမေဓခွန်နှင့် မြေခွန်တို့ကို တစ်ပြိုင်နက်တည်း စည်းကြပ် လာခဲ့ရာ ၁၉၃၀ ပြည့်နှစ် ဆရာစံအရေးတော်ပုံနှင့် နိုင်ငံရေးလှုပ်ရှားမှုများအရ သဿမေဓခွန် နှင့်လူခွန်စည်းကြပ်ကောက်ခံခြင်းအား ၁၉၃၆ ခုနှစ် နှင့် ၁၉၃၉ ခုနှစ် မတိုင်မီ အသီးသီး ပျောက်ကွယ်သွားခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးတွင် မြေခွန်တော်အပေါ်၌ ခိုင်ကြေး ၁၀% ပေါင်း၍ စည်းကြပ်သည့် မြေခွန်တော်စည်းကြပ်သည့်စနစ်သာ ကျန်ရစ်ခဲ့ပါသည်။

စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းလုပ်ငန်းအား ယခင်က ယစ်မျိုးဌာနမှ ဆောင်ရွက်လျက် ရှိရာမှ ၁၉၄၆ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့၌ ကြေးတိုင်နှင့်မြေစာရင်းမင်းကြီး ဦးမောင်မောင်ကြီး KSM၊ လက်ထောက်မြေစာရင်းမင်းကြီးများ ဖြစ်ကြသော Mr. G.A. Nicholas နှင့် Major R.F. Craen တို့သည် စာချုပ်စာတမ်းမှတ်ပုံတင်ဌာန ပြန်လည်ဖွဲ့စည်းရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း စာချုပ်စာတမ်းမှတ်ပုံတင်မင်းကြီး (Inspectors– General of Registration) နှင့် စာချုပ်စာတမ်းမှတ်ပုံတင်စစ်ဆေးရေးမှူးများ (Inspectors of Registration) အသီးသီးခန့်အပ်ခြင်းခံရပြီး လယ်ဝန်များသည်လည်း တွဲဘက်မှတ်ပုံတင် ဌာနမှူးများ (Joint Registrars) အဖြစ် ဆောင်ရွက်လာခဲ့ကြပါသည်။

ဗြိတိသျှအစိုးရအနေဖြင့် မြေတိုင်းအတတ်ပညာကို လေ့ကျင့်သင်ကြားပေးနိုင်ရန် နိုင်ငံအဆင့် မြေတိုင်းကျောင်းများ၊ ခရိုင်ဝန်နှင့် ခရိုင်လယ်ဝန်တို့၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ် သင်ကြားစေခဲ့သော ခရိုင်အဆင့် မြေတိုင်းကျောင်းများ၊ မြေတိုင်းအောင်လက်မှတ်ရရှိပြီးသူ မြေတိုင်းပညာရှင်များအား တာဝန်ပေး၍ သင်ကြားစေခဲ့သော ပုဂ္ဂလိကမြေတိုင်းကျောင်းများ စသည်ဖြင့် ဖွင့်လှစ်ကာ မြေတိုင်းပညာများ ပြန့်ပွားအောင် ဆောင်ရွက်ခဲ့ပါသည်။

ဗြိတိသျှအစိုးရလက်ထက် ခရိုင်မြေတိုင်း ကျောင်းဖွင့်လှစ်ထားသည့် ခရိုင်များမှာ မော်လမြိုင်၊ တောင်ငူ၊ ဟံသာဝတီ၊ ပဲခူး၊ သာယာဝတီ၊ ပြည်၊ ပုသိမ်၊ သုံးခွ၊ ဟင်္သာတ၊ကျောက်ဖြူ၊ စစ်တွေ၊ မင်းဘူး၊ ရမည်းသင်း၊ ကျောက်ဆည်၊ စစ်ကိုင်း၊ မန္တလေးဟူ၍ ခရိုင်မြေတိုင်းကျောင်းပေါင်း (၁၆) ကျောင်း ရှိကြောင်း ဘဏ္ဍာတော်မင်းကြီးရုံး၏ ၁၈၉၂ ခုနှစ်၊ ဖေဖော်ဝါရီ (၁၁) ရက်နေ့စွဲပါ ဆာကျူလာအမှတ်-၅ ဖြင့် ထုတ်ပြန်ခဲ့သည့် ရုံး/ဌာနများအလိုက် စာရေးကိရိယာ၊ ရုံးသုံးပုံစံ၊ စာရွက်စာတမ်းများနှင့် သင်ကြားရေးဆိုင်ရာ ညွှန်ကြားချက်များ တွင် တွေ့ရှိရပါသည်။ ၁၈၉၅ ခုနှစ်တွင် မြေစာရင်းနှင့်လယ်ယာဌာန (Director of Land Records and Agriculture) လက်အောက်၌ ရန်ကုန်နှင့်မန္တလေးတို့တွင် မြေတိုင်းကျောင်း (၂) ကျောင်း တည်ထောင်၍ မြေတိုင်းအတတ်ပညာ သင်ကြားခဲ့ကြောင်းလည်း တွေ့ရှိရပါသည်။

ထို့အပြင် မြေတိုင်းပညာရပ် သီးသန့်သင်ကြားပေးသည့် အစိုးရမြေတိုင်းကျောင်းကို ၁၉၃၀-၃၁ ခုနှစ်တွင် ရွှေဘို၌ စတင်ဖွင့်လှစ်ခဲ့ပြီး၊ ၁၉၄၁-၄၂ ခုနှစ်တွင် ပိတ်သိမ်းသွားခဲ့ပါသည်။ ၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် အိန္ဒိယနိုင်ငံမြေတိုင်း ဌာနမှခွဲထွက်ပြီး မြန်မာနိုင်ငံ မြေတိုင်းဌာနကို တသီးတခြားတည်ထောင်၍ မြန်မာနိုင်ငံမြေတိုင်းအဖွဲ့ (Burma Survey Department) ကို ဖွဲ့စည်းလိုက်သဖြင့် အထူးမြေတိုင်းအဖွဲ့ကို မြေတိုင်းဌာနသို့ လွှဲပြောင်း ပေးလိုက်ပါသည်။ ၎င်း၏လက်အောက်တွင် အမှတ်(၁) မြေတိုင်းအဖွဲ့ကို ၁၉၄၇ ခုနှစ်၊အောက်တိုဘာလတွင် စတင်ဖွဲ့စည်း၍ ပြင်ဦးလွင်မြို့တွင် ရုံးစိုက်ကာ မြေတိုင်းသင်တန်းကျောင်း ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။ မြေတိုင်းတာခြင်းတာဝန်အား ကွင်း/အကွက် တိုင်းတာခြင်း နှင့်ပတ်သက်၍ တစ်ဆက်တစ်စပ်တည်းရှိသော ဧရိယာများကို မူလတိုင်းနှင့်ပြန်တိုင်း တိုင်းတာ ရာတွင် မြေတိုင်းဌာနမှ တိုင်းတာပေးပြီး ကွက်ကြားတည်ရှိနေသည့် ဧရိယာများကိုသာ ကြေးတိုင် နှင့်မြေစာရင်းဌာနမှ တိုင်းတာခဲ့ပါသည်။

ကြေးတိုင်နှင့်မြေစာရင်းဌာန ဖွဲ့စည်းခြင်းမပြုမီကပင် မြန်မာပြည်တဝှမ်း ကွင်း/အကွက် မြေပုံများအား နှစ်ပေါင်း(၂၀) ကြာ တိုင်းတာခဲ့ပြီးဖြစ်၍ ကြေးတိုင်စိုက်သည့် လုပ်ငန်းမှာလည်း မရှေးမနှောင်းတွင် ပြီးစီးနေခြင်းကြောင့် ကွင်း/အကွက်များကို ပြန်တိုင်း၊ ပြင်တိုင်း ဆောင်ရွက် ခဲ့ကြခြင်း ရှိသကဲ့သို့ ကြေးတိုင်လုပ်ငန်းတွင်လည်း ပြင်ဆင်ကြေးတိုင်လုပ်ငန်းများ ဆက်လက် အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ခဲ့ကြပါသည်။

ကြေးတိုင်နှင့်မြေစာရင်းဌာနသည် ကွင်းမြေပုံများကို နေ့အထိမှန်ကန်အောင် ဆောင်ရွက်၍ ယင်းမြေပုံများကိုအခြေပြုပြီး တိကျမှန်ကန်သော မြေခွန်စည်းကြပ်မှုနှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု စာရင်းဇယားများ ပြုစုပေးနိုင်ခဲ့သဖြင့် ကုန်သွယ်မှုကို အထောက်အကူပြုပေးနိုင်သည့်အပြင် ကြေးတိုင်လုပ်ငန်းဖြင့် လယ်ယာစီးပွားဖွံ့ဖြိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးတို့ကိုပါ ဖြည့်ဆည်းနိုင်ခဲ့ပါ သည်။

၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ပါလီမန်ဒီမိုကရေစီခေတ်တွင် တောင်သူလယ်သမားတို့၏ ဘဝကိုမြှင့်တင်၍ နိုင်ငံတော်၏ စီးပွားရေးပြဿနာကို ဖြေရှင်းရန် နှင့်မြေရှင်ကြီးများ ပျောက်ကွယ်သွားစေရန်အလို့ငှာ လယ်ယာမြေများကို နိုင်ငံတော်မှ ပြန်လည်သိမ်းယူ၍ လယ်ယာမဲ့နှင့်မြေယာမဲ့များကို ဝေငှပေးပြီး ထိုမြေများကို စုပေါင်းစိုက်ပျိုး ရေးနှင့် သမဝါယမနည်းစနစ်များဖြင့် လုပ်ကိုင်ရန် ၁၉၄၈ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေကို ပါလီမန်တွင် တင်သွင်း၍ ၁၉၄၈ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။ ၎င်းနောက် ဟံသာဝတီခရိုင်၊ သန်လျင်မြို့နယ်တွင် စမ်းသပ်ကြည့်စဉ် တိုင်းပြည်အတွင်း လက်နက်ကိုင် သောင်းကျန်းဆူပူကြပြီး ပြည်တွင်း မငြိမ်သက်မှုများ ပေါ်ပေါက်လာသဖြင့် ဥပဒေအား ရုပ်လုံးဖော်ရန် မဖြစ်နိုင်တော့ဘဲ ရပ်ဆိုင်းထားခဲ့ရပါသည်။

အဆိုပါဥပဒေအား အစဉ်တစိုက် ကျင့်သုံးဆောင်ရွက်အကောင်အထည်ဖော်ပေးမည့် ဌာနဆိုင်ရာ အဖွဲ့အစည်းတစ်ခု အမှန်လိုအပ်လာသည့်အတွက် ဌာနဆိုင်ရာ ပတ်သက်ဆက်စပ် မှုရှိပြီး တောင်သူ လယ်သမားအရေးကို တစိုက်မတ်မတ်ဆောင်ရွက်ပေးနိုင်မည့် အမာခံ ဌာန အဖြစ် ကြေးတိုင်နှင့်မြေစာရင်းဌာနကို ရွေးချယ်ခဲ့ပါသည်။ ထို့ကြောင့် ဘဏ္ဍာရေးနှင့် အခွန်တော်ဝန်ကြီးဌာန လက်အောက်တွင်ရှိသော ကြေးတိုင်နှင့်မြေစာရင်းဌာနကို ဘဏ္ဍာရေးနှင့်အခွန်တော် ဝန်ကြီးဌာန၏ ၁၉၅၂ ခုနှစ်၊ မေလ (၂၇) ရက်နေ့စွဲပါစာအမှတ်၊ ၁၀၇ ဘ-သ ၅၂ ဖြင့် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဝန်ကြီးဌာန လက်အောက်သို့ ရွှေ့ပြောင်းပေးခဲ့ပါသည်။

လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးလုပ်ငန်းများကို မူလက လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဌာနမှ ဆောင်ရွက်ရန်ဖြစ်သော်လည်း ယင်းလုပ်ငန်းကို ကျယ်ပြန့်စွာနှင့် သီးသန့်ဆောင်ရွက်နိုင်ရန် ၁၉၅၂ ခုနှစ်တွင် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဝန်ကြီးဌာန ပေါ်ပေါက်လာပြီး ၎င်း၏ လက်အောက်တွင် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဌာနခွဲ၊ လျော်ကြေး ဌာနခွဲ၊ ကြေးတိုင်နှင့်မြေစာရင်းဌာနခွဲနှင့် မြေတိုင်းဌာနခွဲတို့ ပါဝင်ဖွဲ့စည်းခဲ့ပါသည်။

၁၉၅၃ ခုနှစ်တွင် ပိုမိုပြည့်စုံသော လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေသစ် တစ်ရပ် ရေးဆွဲပြီး ပါလီမန်တွင် တင်သွင်းအတည်ပြုပြဋ္ဌာန်းခဲ့၍ ၁၉၄၈ ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေကို ရုပ်သိမ်းခဲ့ပါသည်။

လယ်ယာမြေကိုသိမ်းပြီး ဝေခြမ်းသည့်လုပ်ငန်းနှင့်စပ်လျဉ်း၍ တရုတ်ပြည်နှင့် ဆိုဗီယက် ရုရှားနိုင်ငံများသို့ သွားရောက်လေ့လာပြီး မိမိတို့နိုင်ငံနှင့်ဆီလျော်အောင် ဆောင်ရွက်ခဲ့ရ ပါသည်။ ဝေခြမ်း ရေးလုပ်ငန်းမှာ မြေရှင်ကြီးစနစ် ကြီးထွားနေခြင်းကို အမြစ်ဖြတ်လိုသဖြင့် ၎င်းတို့ထံမှမြေကိုသာ သိမ်းယူခြင်းဖြစ်သည်။ တရုတ်ပြည်ကဲ့သို့ မြေရှင်ကြီးထံမှသာမက မြေအနည်းငယ်သာရှိ လုပ်ကိုင်သည့် လယ်သမားအသေးစားများထံမှ မြေကိုပါ သိမ်းယူခြင်း မပြုဘဲ မြေရှင်ကြီးများထံမှ မြေကိုသာ သိမ်းယူခြင်းဖြစ်၍ တောင်သူလယ်သမား အိမ်ထောင် သားစု၏ မြေအားလုံးမသိမ်းဘဲ ချန်လှပ်ထားခဲ့ပါသည်။ သိမ်းယူခဲ့သည့် လယ်ယာမြေများ အတွက်ကိုလည်း ဥပဒေနှင့်အညီ လျော်ကြေးများပေး၍ သိမ်းယူခဲ့ခြင်းဖြစ်ပါသည်။

၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် တော်လှန်ရေးကောင်စီက နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို လွှဲယူလိုက်၍ ပါလီမန်ဒီမိုကရေစီစနစ်ကို ရပ်စဲခဲ့ရာ ဆိုရှယ်လစ် လူ့ဘောင် တည်ဆောက်ရေးကို ရည်မှန်းချက်ပန်းတိုင်အဖြစ် ထားရှိရာ စီးပွားရေးကို အထောက်အကူပြု နိုင်ရန်အတွက် လယ်ယာကုန်ထုတ်စွမ်းအားစာရင်းများနှင့် မြေယာစနစ် ပြုပြင်ပြောင်းလဲရေး အတွက် အခြေခံစာရင်းများပြုစုခြင်းသည် ကြေးတိုင်နှင့်မြေစာရင်းဌာန၏ အဓိကလုပ်ငန်း အဖြစ် ပြောင်းလဲလာခဲ့ပြီး တောင်သူလယ်သမားများအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုသော ဆန္ဒနှင့် မြေခွန်တော်တိုးမြှင့်စည်းကြပ်ရမည်ကို လစ်လျူရှုပြီး ကြေးတိုင်လုပ်ငန်းများကို ရပ်ဆိုင်း ထားခဲ့ပါသည်။

တော်လှန်ရေးကောင်စီသည် ၁၉၆၃ ခုနှစ်၊ သီးစားချထားရေးဥပဒေကို ပြဋ္ဌာန်းစဉ်က လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ရန် ရည်မှန်းထားကြောင်း ဥပဒေ၏ ရှင်းလင်းချက်တွင် အတိအလင်း ဖော်ပြထားသော်လည်း ၁၉၆၅ ခုနှစ်၊ သီးစား ချထားရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေပေါ်လာ၍ သီးစားခများကို ဖျက်သိမ်းပြီးနောက်ပိုင်း လယ်ယာမြေများကို သိမ်းယူ၍ ဝေခြမ်းရေးလုပ်ငန်းများဆောင်ရွက်ပြီး တောင်သူလယ်သမားကို မြေယာပိုင်ဆိုင်ခွင့်ပေးနေခြင်းထက် လုပ်ပိုင်ခွင့်သာပေး၍ စုပေါင်းလယ်ယာစနစ်ကို ပြောင်းလဲရန် ဥပဒေသစ်ရေးဆွဲရေးကို ဦးလှည့်ပြီး ၁၉၆၇ ခုနှစ်တွင် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး ဌာနခွဲနှင့် လျော်ကြေးဌာနခွဲကို ကြေးတိုင်နှင့်မြေစာရင်းဌာနသို့ သွတ်သွင်းခဲ့ပြီး ဌာနအားအရာထမ်း (၇၅)ဦး၊ အမှုထမ်း (၅၁၀၇) ဦး၊ စုစုပေါင်းဝန်ထမ်းအင်အား (၅၁၈၂) ဦး ဖြင့် တိုးမြှင့်ဖွဲ့စည်းခဲ့ပါသည်။

၁၉၇၂ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဝန်ကြီးဌာနကိုဖျက်သိမ်း၍ လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောဝန်ကြီးဌာနအောက်သို့ ပြောင်းလဲဖွဲ့စည်းခဲ့ပြီး၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနကိုလည်း လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောဝန်ကြီးဌာန အောက်တွင် ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့မှစ၍ အရာထမ်း (၇၅) ဦး၊ အမှုထမ်း (၆၆၅၇) ဦး၊ စုစုပေါင်းဝန်ထမ်းအင်အား (၆၇၃၂) ဦး ဖြင့် ဖွဲ့စည်းပုံတိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။

၁၉၈၈ ခုနှစ် နောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက် ၁၉၉၀ ခုနှစ်တွင် အရာထမ်း (၃၀၅) ဦး၊ အမှုထမ်း (၁၂၅၆၅) ဦး၊ စုစုပေါင်း ဝန်ထမ်းအင်အား (၁၂၈၇၀) ဦး ဖြင့် လည်းကောင်း၊ ၁၉၉၅ ခုနှစ်တွင် အရာထမ်း (၃၇၀) ဦး၊ အမှုထမ်း (၁၃၂၀၁) ဦး၊ စုစုပေါင်းဝန်ထမ်းအင်အား (၁၃၅၇၁) ဦး ဖြင့်လည်းကောင်း ဖွဲ့စည်းပုံ တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။

ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ ဖွဲ့စည်းပုံသစ်အရ လိုအပ်သော မြေတိုင်းစာရေး (ကွင်းဝန်ထမ်း) များ တိုးချဲ့ခန့်ထားခဲ့ရာ အခြေခံမြေတိုင်းသင်တန်းမတက်ရသေးသော ဝန်ထမ်း (မြေတိုင်း-၅) များ ခရိုင်/မြို့နယ်ရုံးများတွင် အများအပြားရှိလာခဲ့ရာ ပြင်ဦးလွင် အမှတ်(၁) မြေတိုင်းအဖွဲ့၏ သင်တန်းကျောင်းသို့ သင်တန်းသားများ စေလွှတ်ရာတွင်လည်း သင်တန်းသား ဦးရေ ကန့်သတ်ချက်များရှိနေသဖြင့် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း စေလွှတ်သင်ကြားရေးမှာ အခက်အခဲရှိလာပါသည်။

၁၉၉၅ ခုနှစ်တွင် ဝန်ကြီးဌာနက “ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း” ကို တည်ထောင်ဖွင့်လှစ်ခွင့်ပြုခဲ့သဖြင့် မြေနေရာရွေးချယ် ဆောင်ရွက်နေစဉ် ဌာန၏ဖွဲ့စည်းပုံသစ်အရ လိုအပ်သော ဝန်ထမ်းများအား အချိန်နှင့်တစ်ပြေးညီ ဖြည့်စွက်ခန့်ထား တာဝန်ပေးအပ်နိုင်ရေးအတွက် (၁၈-၉-၁၉၉၅) ရက်နေ့တွင် မိတ္ထီလာမြို့၊ စက်မှုလယ်ယာ သင်တန်းကျောင်းတွင် လုပ်ငန်းခွင်မြေတိုင်းတာခြင်းနှင့်မြေစာရင်းသင်တန်းအမှတ်စဉ်(၁) ကို သင်တန်းသားဦးရေ  (၂၀၀) ဖြင့် သင်တန်းကာလ (၃) လကြာ စတင်ဖွင့်လှစ် လေ့ကျင့်သင်ကြား ခဲ့ပါသည်။

ထို့နောက် ပျဉ်းမနားမြို့၊ ရေဆင်းစိုက်ပျိုးရေး သုတေသနသင်တန်းကျောင်း၌ (၈-၁-၁၉၉၆) ရက်နေ့တွင် လုပ်ငန်းခွင်မြေတိုင်းတာခြင်းနှင့် မြေစာရင်းသင်တန်းအမှတ်စဉ် (၂)ကို သင်တန်းသား (၁၃၅ ) ဦး ဖြင့်လည်းကောင်း၊ (၆-၅-၁၉၉၆) နေ့တွင် သင်တန်းအမှတ်စဉ် (၃) ကို သင်တန်းသား (၁၃၆) ဦး ဖြင့်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၄) ကို (၁၉-၈-၁၉၉၆) နေ့တွင် သင်တန်းသား (၁၃၈)ဦး ဖြင့်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၅) ကို (၁၆-၁၂-၁၉၉၆) နေ့တွင် သင်တန်းသား (၁၄၁) ဦး ဖြင့် လည်းကောင်း၊ သင်တန်းကာလ (၃) လ သတ်မှတ်၍ လေ့ကျင့်သင်ကြားခဲ့ကြပေသည်။ ထို့အပြင် ပြင်ဦးလွင်မြေတိုင်းသင်တန်းကျောင်းမှ မြေတိုင်း ပညာတက်ရောက်အောင်မြင်ပြီးသော သင်တန်းသား (၂၄၆) ဦးအား (၂) သုတ်ခွဲ၍ ပထမအသုတ်ကို (၁၂-၅-၁၉၉၇) နေ့တွင် (၁၂၅) ဦး ဖြင့် လည်းကောင်း၊ ဒုတိယအသုတ်ကို (၁၆-၆-၁၉၉၇) နေ့တွင် (၁၂၁) ဦးဖြင့် လည်းကောင်း၊ သင်တန်းကာလ (၁)လစီဖြင့် သင်တန်း အမှတ်စဉ် (၆) အဖြစ် ဖွင့်လှစ်၍ မြေစာရင်းလုပ်ငန်းများ ထပ်မံသင်ကြားပို့ချခဲ့ပါသည်။

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ (၁၁-၃-၁၉၉၇) ရက်စွဲပါ စာအမှတ်-၅/၁၄/၉၇(၁၁၃၂/၉၇) အရ စိုက်ပျိုးရေးစီမံကိန်းဦးစီးဌာနပိုင် တိုက်ကြီးမြို့၊ စိုက်ပျိုးရေး အထက်တန်းကျောင်းကို လွှဲပြောင်းရရှိခဲ့သဖြင့် ဗဟိုမြေစာရင်းဖွံဖြိုးမှုလေ့ကျင့်ပညာပေးရေး သင်တန်းကျောင်းအား ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့ လက်ရှိနေရာတွင် (၁၀-၁၁-၁၉၉၇) ရက်နေ့မှစ၍ သင်တန်းများဖွင့်လှစ်ပို့ချခဲ့ပါသည်။

၁၉၀၆ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့မှစ၍ သမိုင်းအစဉ်အဆက် ခေတ်စနစ် အသီးသီးကို ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနအဖြစ် ဖြတ်သန်းခဲ့ပြီးနောက် (၁၅.၁.၂၀၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၅) ၏ သဘောတူခွင့်ပြုချက်အပေါ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ (၂၈.၄.၂၀၁၅) ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၁၃/၂၀၁၅)  ဖြင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနအား လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန အမည်ဖြင့် ပြင်ဆင်ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။

ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနသည် ဌာန၏ မူလပင်မလုပ်ငန်းတာဝန်များအပြင် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများအရ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းတာဝန် များ၊ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေနှင့် နည်းဥပဒေများအရ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီလုပ်ငန်းတာဝန်များကို ပူးတွဲဆောင်ရွက် ပေးရသည့်အပြင် သိမ်းဆည်းမြေဆိုင်ရာ လုပ်ငန်းတာဝန်များကိုလည်း ပူးပေါင်းပါဝင်ဆောင်ရွက် ပေးနေရပါသဖြင့် ဌာန၏လုပ်ငန်းများကို ပိုမိုထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အတွက် (၆-၆-၂၀၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ (၁၁/၂၀၂၉ ) ကြိမ်မြောက် အစည်းအဝေး သဘောတူခွင့်ပြုချက်အရ အရာထမ်းရာထူး (၆၉၇) နေရာ၊ အမှုထမ်းရာထူး (၁၇၇၂၇) နေရာ စုစုပေါင်းဝန်ထမ်းရာထူး (၁၈၄၂၄) နေရာဖြင့် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခွင့် ပြုခဲ့ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၅၆ ) အရ (နာဂ၊ ဓနု၊ ပအို့၊ ပလောင်၊ ကိုးကန့်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသများတွင် ဌာန၏လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက် နိုင်ရန်အတွက် အရာထမ်းရာထူး(၄)နေရာ၊ အမှုထမ်းရာထူး(၁၈)နေရာ စုစုပေါင်းဝန်ထမ်းရာထူး (၂၂)နေရာစီပါဝင်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးရုံး(၅)ရုံးကို တိုးချဲ့ဖွဲ့စည်းရန်အတွက်အရာထမ်းရာထူး(၂၀)ဦး၊ အမှုထမ်းရာထူး (၉၀) ဦး၊ စုစုပေါင်းဝန်ထမ်းရာထူးနေရာ (၁၁၀) ကို တိုးချဲ့ဖွဲ့သွားရန် (၁၃-၇ -၂၀၂၃ ) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ (၃/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးမှ သဘောတူခွင့်ပြုမှုအရ ဌာန၏ ဖွဲ့စည်းပုံအား အရာထမ်း (၇၁၇) နေရာ၊ အမှုထမ်းရာထူးနေရာ (၁၇၈၁၇) နေရာ၊ စုစုပေါင်းဝန်ထမ်းရာထူးနေရာ (၁၈၅၃၄) နေရာဖြင့် ပြင်ဆင်ဖွဲ့စည်းခွင့်ပြုခဲ့ပါသည်။

နိုင်ငံတော်မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ခရိုင်သစ် (၄၆)ခရိုင်ကို တိုးချဲ့ဖွဲ့စည်းခဲ့ပါသဖြင့် အဆိုပါ တိုးချဲ့ဖွဲ့စည်းသည့် ခရိုင်သစ်(၄၆)ခရိုင်တွင် ဌာနမှ Focal အဖြစ် တာဝန်ယူတာဝန်ခံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနကိုယ်စားပြု ခရိုင်ရုံးများကို ဖွဲ့စည်းဆောင်ရွက်သွားနိုင်ရန်အတွက် (၃၀-၈-၂၀၂၃) ရက်နေ့ တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ (၄/၂၀၂၃)ကြိမ်မြောက် အစည်းအဝေး သဘောတူခွင့်ပြုချက်အရ အရာထမ်းရာထူး(၂၉၄) နေရာ၊ အမှုထမ်းရာထူး (၈၃၆)နေရာ၊ စုစုပေါင်းဝန်ထမ်းရာထူး (၁၁၃၀) နေရာ ပါရှိသည့် ဖွဲ့စည်းပုံကို ဌာနအဖွဲ့အစည်းအတွင်းတိုးချဲ့ဖွဲ့စည်းခွင့်ပြုခဲ့ပါသဖြင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနအား အရာထမ်း ရာထူး (၁၀၁၁) နေရာ၊ အမှုထမ်းရာထူးနေရာ (၁၈၆၅၃) နေရာ၊ စုစုပေါင်းဝန်ထမ်းရာထူး (၁၉၆၆၄) ရာထူးနေရာပါရှိသည့် အဖွဲ့အစည်းအဖြစ် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခွင့်ပြုခဲ့ပါသည်။

(၂၅-၃-၂၀၂၄) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၄) မှ သဘောတူအတည်ပြုချက်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ (၁၁-၃-၂၀၂၄) ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၇၉/၂၀၂၄) အရလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏အမည်အား မူလအမည်ဖြစ်သည့် ကြေးတိုင် နှင့်မြေစာရင်းဦးစီးဌာနအမည်သို့ ပြန်လည်ပြင်ဆင်ပြောင်းလဲ သတ်မှတ်ခဲ့ပါသည်။


ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာန (ရုံးချုပ်) ရှိ ဌာနခွဲများဖွဲ့စည်းပုံ

(၁) စီမံရေးရာဌာနခွဲ

(၂) ကြေးတိုင်၊စီမံကိန်းနှင့်သုတေသနဌာနခွဲ

(၃) မြေစာရင်း၊မြေတိုင်းနှင့်ပုံနှိပ်ဌာနခွဲ

(၄) မြေယာစီမံခန့်ခွဲရေးဌာနခွဲ

(၅) စာရင်းအင်းဌာနခွဲ

(၆) ဘတ်ဂျက်နှင့်ငွေစာရင်းဌာနခွဲ

(၇) မြေယာအသုံးချမှုနှင့်စစ်ဆေးရေးဌာနခွဲ

(၈) ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း  

ဦးစီးဌာန ရုံးချုပ်ရှိ ဌာနခွဲများနှင့် လက်အောက်ဌာနများ ဖွဲ့စည်းပုံအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-