ဒေသတွင်း (Regional)
အာဆီယံ+၃ အရေးပေါ်အရန်ဆန်အဖွဲ့ နှင့် ပူးပေါင်းဆောင်ရွက်မှုများ
အာဆီယံ+၃ အရေးပေါ်အရန်ဆန်အဖွဲ့ (ASEAN + 3 Emergency Rice Reserve - APTERR) ကို ကမ္ဘာ့ကုန်သွယ်မှုကို မထိခိုက်စေဘဲ ဒေသတွင်း စားနပ်ရိက္ခာဖူလုံမှုခိုင်မာရေး၊ ဆင်းရဲမွဲတေမှု လျော့ချရေး အဟာရချို့တဲ့မှု ပပျောက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ပါသည်။ အဖွဲ့၏ဘုံရည်မှန်းချက်မှာ APTERR အဖွဲ့ဝင်များ ဖြစ်သော အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား နိုင်ငံများ၏ စားနပ်ရိက္ခာဖူလုံမှုကို အာမခံ ပေးနိုင်ရန်ဖြစ်ပါသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံများသည် စားနပ်ရိက္ခာဖူလုံမှုနှင့် အရေးပေါ်စားနပ်ရိက္ခာ လိုအပ်မှုကို သိရှိရန် (၂၀၀၂) ခုနှစ် တွင် အရှေ့အာရှအရေးပေါ် အရန်ဆန် ရှေ့ပြေးစီမံချက် (The East Asia Emergency Rice Reserve- EAERR Pilot Project ) ကို ဆောင်ရွက်ခဲ့ပါသည်။
EAERR နှင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန သဘောတူလက်မှတ်ရေးထိုးကာ မြန်မာနိုင်ငံ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် (၂-၅-၂၀၀၈) ရက်နေ့တွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းနှင့် ဆူနာမီ ဒီရေလှိုင်း တက်ခြင်းကြောင့်ဖြစ်ပေါ်လာသည့် ပျက်စီးဆုံးရှုံးမှုများကို အကူအညီပေးရန်အတွက် ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလတွင် EAERR စီမံချက် 1st Tier-3 အစီအစဉ်ဖြင့် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ အသုံးပြု၍ ဘိုကလေးမြို့နယ်နှင့်လပွတ္တာမြို့နယ် များအတွင်းရှိ ကျေးရွာအုပ်စု (၃) အုပ်စု၊ ကျေးရွာ (၃၄) ရွာရှိ အိမ်ထောင်စု (၄,၃၁၉) စု လူဦးရေ (၁၃,၁၂၀) ဦး အတွက် ဆန် (၁၆၄)မက်ထရစ် တန်ကိုလည်းကောင်း၊ (၂၀၁၀) ခုနှစ် ဖေဖော်ဝါရီလတွင် EAERR စီမံချက် 2nd Tier-3 အစီအစဉ်ဖြင့် ဘိုကလေးမြို့နယ်နှင့် လပွတ္တာ မြို့နယ်များအတွင်းရှိ ကျေးရွာအုပ်စု (၁၁) အုပ်စု၊ ကျေးရွာပေါင်း (၁၆) ရွာရှိ တောင်သူ (၁,၅၁၅)ဦး၏ ငါး/ပုဇွန်မွေးမြူရေးကန်(၅,၄၁၁)ကန် ၊ ရေငန်တားတမံ (၇,၀၈၅) ခု ကျိုးပျက်မှုအတွက် ဆန် (၁၅၆.၂၅) မက်ထရစ်တန်ကို EAERR နှင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနတို့ သဘော တူညီချက်အရ လှူဒါန်းခဲ့ပါသည်။
အာဆီယံစားနပ်ရိက္ခာလုံခြုံရေးသတင်းအချက်အလက်စနစ်
AMAF+3 နှင့် အာဆီယံဒေသတွင်း စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ၏ ပထမအကြိမ် အစည်းအဝေးသဘောတူညီချက်များကို အခြေခံ၍ နိုင်ငံအသီးသီး၏ လိုအပ်သော မူဝါဒ အခြေခံအချက်အလက်များ ထောက်ပံ့ပေးရေးယန္တရားတစ်ခုအဖြစ် ၂၀၀၃ ခုနှစ်တွင် အာဆီယံစားနပ်ရိက္ခာ လုံခြုံမှုသတင်းအချက်အလက်စနစ်(AFSIS)ကို စတင်တည်ထောင်ရန် လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ AFSIS ၏ ရည်ရွယ်ချက်မှာ အဖွဲ့ဝင်နိုင်ငံများ၏ စိုက်ပျိုး ထုတ်လုပ်မှု သတင်းအချက်အလက်များ မှန်ကန်တိကျစွာ ကောက်ယူရေးကို တိုးမြှင့်စေရန်နှင့် ဒေသတွင်းစားနပ်ရိက္ခာလုံခြုံမှုအခြေအနေကို စောင့်ကြည့်ရန် ဖြစ်ပါသည်။
AFSIS အဖွဲ့သည် စိုက်ပျိုးရေး ကြိုတင်သတိပေးသတင်းအချက်အလက် အစီရင်ခံစာ (EWI Reports) ၊ အာဆီယံစိုက်ပျိုးထုတ်ကုန် အလားအလာအစီရင်ခံစာ (ACO Reports) နှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုအလားအလာအစီရင်ခံစာ (RGO Reports) များကို သတင်း အချက်အလက် သိုလှောင်စနစ် (Database) ထူထောင်ပြီးကတည်းက အဆက်မပြတ် ထုတ်ဝေ ခဲ့ပြီးဖြစ်ပါသည်။ ပူးပေါင်းဆောင်ရွက်မှုခိုင်မာစေရန် အာဆီယံ+၃ နိုင်ငံများ၏ စိုက်ပျိုးထုတ်လုပ်မှု သတင်းအချက်အလက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ကွန်ယက် တည်ဆောက်မှုကို ဆောင်ရွက် ခဲ့ပါသည်။ ဒေသတွင်း စိုက်ပျိုးထုတ်လုပ်မှု သတင်းအချက်အလက်ဖွံ့ဖြိုးရေးနှင့် စားနပ်ရိက္ခာ ဖူလုံမှု မသေချာမှုများကို လျော့ချရန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် သတင်း အချက်အလက်ဖလှယ်မှုအတွက် ဂျပန်နိုင်ငံနှင့် တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံ အာကာသ လေ့လာရေးဌာန (JAXA)၊ ဂျပန်နိုင်ငံ ဂြိုဟ်တုပုံရိပ် နည်းပညာဗဟိုဌာန (RESTEC) နှင့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) တို့မှ အကူအညီများ ရရှိပြီး တန်ဖိုးရှိစွာ ရပ်တည်နိုင်သဖြင့် အာဆီယံဒေသအတွင်းတွင် အရေးပါသောကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက် ရှိပါသည်။
AFSIS အဖွဲ့ဝင်နိုင်ငံများ၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကို လေ့လာသိရှိနိုင်ရန် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုခန့်မှန်းရာတွင် ဂြိုလ်တုပုံရိပ်သုံး စိုက်ပျိုးရေး မိုးလေဝသဆိုင်ရာ သတင်းအချက် အလက်များ အသုံးပြုခြင်းသင်တန်း (The training program on Satellite-Derived Rice Planed Area Data for AFSIS’s Rice Growing Outlook (RGO) for Agriculture Management in the ASEAN) ကို ဂျပန်နိုင်ငံအပါအဝင် မိတ်ဖက်အဖွဲ့အစည်း များ၏ အကူအညီဖြင့် ဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ AFSIS Focal Person အဖြစ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ စာရင်းအင်းဌာနခွဲ ညွှန်ကြားရေးမှူးကို တာဝန်ပေးအပ်ထားပါသည်။ အဆိုပါ AFSIS Focal Person အပါအဝင် ကိုယ်စားလှယ်များမှ နှစ်စဉ်ကျင်းပသည့် AFSIS ဦးဆောင်သူများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အာဆီယံ+၃ စိုက်ပျိုးရေး၊ သစ်တောဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (Special SOM AMAF Plus Three) များသို့ ပါဝင်တက်ရောက်လျက်ရှိပါသည်။
အမျိုးသားအဆင့် စိုက်ပျိုးရေးထုတ်ကုန် စားနပ်ရိက္ခာသတင်းအလက်စနစ် တည်ထောင် ရေးနှင့် မြန်မာနိုင်ငံလူသားရင်းမြစ်ဖွံ့ဖြိုးရေးစီမံကိန်း
AFSIS ၏ မိတ်ဖက်နိုင်ငံဖြစ်သည့် ကိုးရီးယားသမ္မတနိုင်ငံမှ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေး၊ သစ်တောနှင့်ငါးလုပ်ငန်းဌာန၊ အသိပညာမြှင့်တင်ရေး၊ ဆက်သွယ်ရေးနှင့် လုပ်ငန်းတိုးတက် ရေးအဖွဲ့အစည်း (Korea Agency of Education, Promotion and Information Services in Food, Agriculture, Forestry and Fisheries-EPIS) ၏ နည်းပညာ အကူအညီဖြင့် သီးနှံကောက်ယူခြင်းစနစ်ကို ပြောင်းလဲနိုင်ရန် Tablet ဖြင့် သီးနှံစာရင်းကောက်ယူပြီး Online မှတဆင့် ပေးပို့သိုလှောင် ဖြန့်ဝေမည့် Online Networking Database System ဖြင့် စာရင်းကောက်ယူမည့် အမျိုးသားအဆင့် စိုက်ပျိုးရေးထုတ်ကုန်စားနပ်ရိက္ခာ သတင်းအချက် အလက်စနစ် တည်ထောင်ရေးနှင့် မြန်မာနိုင်ငံ လူသားရင်းမြစ်ဖွံ့ဖြိုးရေးစီမံကိန်း (အပိုင်း-၁) (Establishing National Agri-Food Information System and Developing Human Resource in Myanmar – NAIS ) ကို ၂၀၁၇ ခုနှစ်၊ မေလမှ ၂၀၁၈ ခုနှစ်၊ မေလအထိ ဆောင်ရွက်ခဲ့ပြီး အဆိုပါစီမံကိန်းအတွက် ကိုရီးယားသမ္မတနိုင်ငံ၊ EPIS အဖွဲ့အစည်းမှ Server (၂)လုံး ၊ Tablet (၈၅)လုံး နှင့် Desktop Computer (၁)လုံး ထောက်ပံ့ပေးခဲ့ပါသည်။ စီမံကိန်းအပိုင်း (၁) ၏ အောင်မြင်မှုရလဒ်များကို အခြေခံ၍ နောက်ဆက်တွဲ စီမံကိန်းလုပ်ငန်းစဉ် များကို EPIS ၏ ကူညီပံ့ပိုးမှုဖြင့် ဆက်လက်ဆောင်ရွက်သွားရန် ရည်မှန်းချက်ထားခဲ့ပြီး NAIS စီမံကိန်းမှ Mobile Phone ဖြင့် သီးနှံစာရင်းပြုစုခြင်းဖြင့် Web System အသုံးပြုမှု သင်တန်း များကို နေပြည်တော်၌ ပထမအကြိမ်အဖြစ် (၉.၅.၂၀၁၈) ရက်နေ့မှ (၁၀.၅.၂၀၁၈) ရက်နေ့ အထိ သင်တန်းသား/ သင်တန်းသူ (၇၀) ဦး၊ ဒုတိယအကြိမ်အဖြစ် (၂၆.၂.၂၀၁၉) ရက်နေ့မှ (၂၇.၂.၂၀၁၉) ရက်နေ့အထိ သင်တန်းသား/ သင်တန်းသူ (၅၀) ဦးအား ပို့ချသင်ကြားခဲ့ပါသည်။ Pilot Project တစ်ခုကို နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ဆောင်ရွက်ခဲ့ပါသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေစီမံကိန်းများ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အထောက်အပံ့ဖြစ်သော မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေ အမေရိကန်ဒေါ်လာ(၃၉၀,၀၀၀) နှင့် ညီမျှသည့် (၅၃၈.၆၁၃) ကျပ်သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် “စားနပ်ရိက္ခာလုံခြုံရေးနှင့် သတင်းအချက် အလက်များ လေ့လာသုံးသပ်ခြင်းနှင့် ညွှန်းကိန်းများအတွက် ပံ့ပိုးပေးနိုင်ရန် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဆိုင်ရာ စာရင်းအင်းကိန်းဂဏန်းသတင်းအချက်အလက် စင်္ကြန်တစ်ခု ထူထောင် ခြင်းစီမံကိန်း” ကို ၂၀၂၀ ခုနှစ် မှ ၂၀၂၁ ခုနှစ်ထိ ဆောင်ရွက်ရန် လျာထားခဲ့သော်လည်း တရုတ် နိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်ချက်များအရ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ ကာလတိုးမြှင့် ဆောင်ရွက်ရန် ခွင့်ပြုခဲ့ပါသည်။
စီမံကိန်း၏ရည်ရွယ်ချက်မှာ လန်ချန်း-မဲခေါင်ဒေသတွင်း စားနပ်ရိက္ခာဖူလုံမှု သတင်း အချက်အလက် စင်္ကြန်တစ်ခုတည်ဆောက်ရန်၊ စားနပ်ရိက္ခာထုတ်လုပ်မှု သတင်းအချက်အလက် ဖလှယ်ရန်နှင့် အသိပညာဖလှယ်ရန်အတွက် သတင်းကွန်ယက်တစ်ခု တည်ထောင်ရန်နှင့် လန်ချန်း-မဲခေါင်ဒေသတွင်း နိုင်ငံများစားနပ်ရိက္ခာဖူလုံမှုကို စာရင်းအင်းကျွမ်းကျင်သူများ အကြား ဆက်သွယ်ရေး ကွန်ယက်ချဲ့ထွင်ရန် အစရှိသည်တို့ဖြစ်သည်။
စီမံကိန်းဆောင်ရွက်ခဲ့သည့် အဓိကလုပ်ငန်းစဉ်များမှာ စီမံချက်ပေါ်ထွက်လာရေး မူဘောင်အစည်းအဝေးကျင်းပခြင်း၊ ဖြစ်နိုင်ချေညှိနှိုင်းမှု အစည်းအဝေးကျင်းပခြင်း၊ အသိပညာ ဖလှယ်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း၊ ဒေသတွင်း လေ့ကျင့်သင်တန်းပေးခြင်း၊ ကနဦး စားနပ်ရိက္ခာ သတင်းအချက်အလက်စနစ်ဖော်ထုတ်ခြင်း၊ သုံးသပ်ဆွေးနွေးပွဲ ပြုလုပ်ခြင်း၊ စီမံချက်အပြီးသတ် အစီရင်ခံစာရေးသားခြင်းနှင့် စီမံချက်အဆုံးသတ်ပြီးစီးခြင်းတို့ ဖြစ်ပါသည်။
စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် Data Center အဆောက်အဦကို ၂၀၂၀ ခုနှစ်၊ ဇွန်လတွင် စတင်ဆောက်လုပ်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ မတ်လတွင် လုပ်ငန်းပြီးစီးခဲ့ ပါသည်။ Server and Data Network Connection (1-Set) ဝယ်ယူတပ်ဆင်ခြင်းလုပ်ငန်းမှာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် လုပ်ငန်းပြီးစီးခဲ့ပါသည်။ Desktop Computer (၃၀) လုံး ဝယ်ယူခြင်းကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင်လည်းကောင်း၊ Laptop Computer(၅)လုံးနှင့် Color Printer(A3) (၃)လုံး ဝယ်ယူခြင်းကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ဆောင်ရွက်ခဲ့ပါသည်။
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် စီမံကိန်းလုပ်ငန်းများ နှောင့်နှေးသဖြင့် (၂၉.၁၂.၂၀၂၁) ရက်နေ့တွင် တရုတ်နိုင်ငံနှင့် Joint Observation Meeting ပြုလုပ်ရာ အစည်းအဝေး ဆုံးဖြတ်ချက်များအရ Work Plan နှင့် Budget Proposal တို့ကို ပြန်လည် ပြင်ဆင်ရေးဆွဲပြီး တင်ပြခဲ့ရာ တရုတ်နိုင်ငံမှ ခွင့်ပြုခဲ့သဖြင့် မဲခေါင်-လန်းချန်း ဝက်ဆိုဒ်တစ်ခု တည်ထောင်ခြင်း၊ စက်ပစ္စည်းနှင့် ပရိဘောဂပစ္စည်းများ ဝယ်ယူခြင်း၊ ပါဝါမီတာနှင့် လျှပ်စစ်မီး သွယ်တန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ စတင်၍ စီမံကိန်းပါ လုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့ရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်ကုန်တွင် စီမံကိန်းတစ်ခုလုံး ပြီးစီးခဲ့ပါသည်။ စီမံကိန်းတစ်ခုလုံး၏ သုံးစွဲငွေမှာ (၂၈၁.၇၁၅) ကျပ်သန်း ဖြစ်ပါသည်။ စီမံကိန်းပိုလျှံငွေ (၂၅၆.၈၉၈) ကျပ်သန်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြန်လည်အပ်နှံခဲ့ပြီးဖြစ်ပါသည်။
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၂) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် စားနပ်ရိက္ခာဖူလုံမှုကို ခန့်မှန်းရန် ကောင်းကင်ဓာတ်ပုံအသုံးပြု သီးနှံအထွက်နှုန်း ဆန်းစစ်အကဲဖြတ်စင်တာထူထောင်ခြင်းစီမံကိန်းကို ၂၀၂၂ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ ဆောင်ရွက်ရန်ဖြစ်ပါသည်။
စီမံကိန်းရည်ရွယ်ချက်မှာ စိုက်ပျိုးရေးဆိုင်ရာ စာရင်းအင်းကိန်းဂဏန်းများ ကောက်ယူခြင်း စနစ်ကို သမရိုးကျ နည်းစနစ်မှ ခေတ်မီနည်းစနစ်သို့ ပြောင်းလဲရန်နှင့် စိုက်ပျိုးရေးဆိုင်ရာ စာရင်းအင်းကိန်းဂဏန်းများကို အချိန်နှင့်တစ်ပြေးညီ တိကျမှန်ကန်စွာ ကောက်ယူပြုစုရန်တို့ ဖြစ်ပါသည်။
တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ(၁၈၂,၃၀၀)နှင့် ညီမျှသောငွေ (၃၈၂.၈၃၀) ကျပ်သန်း ပေးအပ်ခဲ့သဖြင့် (၄၀’ x ၇၀’ x ၂၄’ ) သွပ်မိုး၊ RC ၂ထပ် (ရေ၊ မီး၊ မိလ္လာ အပါအဝင်) ဆန်းစစ် အကဲဖြတ်စင်တာ အဆောက်အဦတစ်လုံး ဆောက်လုပ်ခြင်းနှင့် Drone (1-set) (Survey Grade) + Desktop Computer (Work Station) တစ်စုံ ဝယ်ယူခြင်း ဆောင်ရွက်ခဲ့ပါသည်။
လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်မှု
ပထမအကြိမ် ပြည်သူ့လွှတ်တော်မှ လယ်ယာမြေဥပဒေကို ၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် - ၁၁ အဖြစ် အတည်ပြုပြဋ္ဌာန်းပြီး နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊ ၆၂/၂၀၁၂ ဖြင့် လယ်ယာမြေဥပဒေသည် ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့တွင် လယ်ယာမြေဥပဒေ ပုဒ်မ ၂ အရ စတင်အာဏာတည်သည်ဟု သတ်မှတ်ခဲ့ပါသည်။ လယ်ယာမြေဥပဒေသည် ထိုနေ့မှစ၍ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စတင်အာဏာတည်ခဲ့ပြီး ဖြစ်ပါသည်။
လယ်ယာမြေဥပဒေတွင် အခန်းပေါင်း (၁၃) ခန်း၊ ဥပဒေပုဒ်မပေါင်း (၄၃) ခု တို့ဖြင့် ရေးဆွဲထားရှိပြီး လယ်ယာမြေနည်းဥပဒေများကို လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန၏ အမိန့်ကြော်ငြာစာအမှတ်၊ ၂/၂၀၁၂ အဖြစ် (၃၁.၈.၂၀၁၂) ရက်နေ့တွင် အတည်ပြု ပြဌာန်းခဲ့ပါသည်၊၊ လယ်ယာမြေနည်းဥပဒေများတွင် အခန်းပေါင်း (၁၃) ခန်း၊ နည်းဥပဒေပေါင်း (၁၁၇) ခု တို့ဖြင့် ရေးဆွဲထားရှိပါသည်၊၊
၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့စွဲပါ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၁၃/၂၀၁၅ ဖြင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန (Settlement and Land Records Department - SLRD) အမည်ကို လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (Department of Agricultural Land Management and Statistics - DALMS) ဟု အမည် ပြောင်းလဲပြင်ဆင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ဒုတိယအကြိမ် ပြည်ထောင်စု အစိုးရအဖွဲ့ကို ဝန်ကြီးဌာနများ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် အမည်ပြောင်းလဲပြင်ဆင်ခြင်းတို့ ပြုလုပ်ခဲ့ရာ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် သမဝါယမဝန်ကြီးဌာနတို့ကိုပေါင်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဟု ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
ယင်းသို့ လယ်ယာမြေဥပဒေအရ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်တွင် တာဝန်ခံ ဆောင်ရွက်ရသည့် ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့၏ အမည်များ ပြောင်းလဲသွားသဖြင့် ပြင်ဆင် ခြင်း အပါအဝင် အခြားပြင်ဆင်ဖြည့်စွက်ရန် လိုအပ်ချက်များရှိလာသဖြင့် လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် ဒုတိယအကြိမ် လွှတ်တော်သို့ အဆိုပြု တင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၂) အဖြစ် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတမှ လက်မှတ်ရေးထိုး ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပါသည်။
ပြင်ဆင်သည့် ဥပဒေအရ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းကိစ္စရပ်များအတွက် လယ်ယာမြေနည်းဥပဒေများတွင် မြေနုကျွန်းမြေ လုပ်ကိုင်ခွင့် ချထားခြင်းကဲ့သို့ သီးခြား အခန်းတစ်ခုအဖြစ် ဖြည့်စွက်၍ ထည့်သွင်းပြဋ္ဌာန်းရန် လိုအပ်မည်ဖြစ်ကြောင်း တွေ့ရှိရပြီး အခြားသော ဖြည့်စွက်ပြင်ဆင် ပြဋ္ဌာန်းချက်များအရလည်း မူလလယ်ယာမြေနည်းဥပဒေ များတွင် ဖြည့်စွက်ပြင်ဆင်ရန် အချက်များ ရှိလာသည်ကို တွေ့ရှိရပါသည်။
လက်ရှိကာလတွင် တည်ဆဲလယ်ယာမြေဥပဒေပါ ပြဠာန်းချက်များနှင့်အညီ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ လယ်ယာမြေနည်းဥပဒေများပါ လုပ်ထုံးလုပ်နည်း များအပြင် ကိစ္စရပ်တစ်ခုချင်းစီအလိုက် လုပ်ဆောင်ရမည့် အချက်များကို ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ ထပ်ဆင့်ထုတ်ပြန် ဆောင်ရွက်လျက် ရှိပါသည်။
လယ်ယာမြေဥပဒေ၏ အခြေခံသဘောတရား (Basic Principle) မှာ လယ်ယာမြေ လုပ်ပိုင်ခွင့် (Right to Use the Farmland/ Land Use Right ) ဖြစ်ပါသည်။ လယ်ယာမြေ ဥပဒေပုဒ်မ ၃ (ခ) တွင် “လယ်ယာမြေလုပ်ပိုင်ခွင့်ဆိုသည်မှာ နိုင်ငံတော်သည် မြေယာ အားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်၍ လယ်ယာမြေကို စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရန် အလို့ငှာ ဤဥပဒေ၊ ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းများ နှင့်အညီ လက်ဝယ်ထားရှိ၍ စိုက်ပျိုးလုပ်ကိုင် အသုံးချခွင့်ပြုခြင်းကိုဆိုသည်။ သို့ရာတွင် မြေပေါ်မြေအောက်ရှိ ကျောက်မျက်၊ သတ္တု၊ ရေနံနှင့်ဓာတ်ငွေ့ စသည့် သဘာဝသယံဇာတများ ထုတ်ယူအသုံးချခွင့် မပါဝင်” ဟု ပြဋ္ဌာန်းထားပါသည်။
ဤပြဋ္ဌာန်းချက်အရ လယ်ယာမြေပိုင်ဆိုင်ခွင့်ဟု မသုံးသော်လည်း လယ်ယာမြေလုပ်ကိုင်မှု စနစ် (Land Tenure System) ဟု ဆိုနိုင်ပါသည်။ မြန်မာဘုရင်ခေတ် ဘိုးဘပိုင်နှင့် ကိုလိုနီခေတ် မြေကို လက်ဝယ်ထားရှိပိုင်ခွင့် (Land Holder’s Right) တို့နှင့် သဘောခြင်း တူညီသည်ကို တွေ့ရှိရပါသည်။ ဤဥပဒေတွင် ပြဋ္ဌာန်းထားသည့် လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူ၏ အခွင့်အရေးများအရ လယ်ယာမြေလုပ်ပိုင်ခွင့်ကို လွှဲပြောင်းနိုင်ခွင့် (Transferable Right) ပေးထားသဖြင့် တောင်သူလယ်သမား တစ်ဦးချင်းပိုင်ဆိုင်လုပ်ကိုင်မှု ပေးသောစနစ် (Proprietary Tenure) ဖြစ်ပါသည်။ ထို့ကြောင့် လယ်ယာမြေဥပဒေ၏ အနှစ်သာရမှာ တောင်သူလယ်သမား များ၏ အကျိုးစီးပွား ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လယ်ယာမြေလုပ်ပိုင်ခွင့် စနစ်သစ်ကို ဖော်ဆောင်ခြင်းဖြစ်ပြီး ခေတ်သစ်လယ်ယာမြေစနစ် ပြုပြင်ပြောင်းလဲရေး (Agrarian Reform) မူဝါဒ ချမှတ်လိုက်ခြင်းပင်ဖြစ်ကြောင်း တွေ့ရှိရပါသည်။
လယ်ယာမြေဥပဒေ၏ အဓိကရည်ရွယ်ချက်မှာ မိမိတို့ လက်ဝယ်ထားရှိ လုပ်ကိုင်လျက် ရှိသော လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် အခွင့်အရေးများကို ဥပဒေနှင့်အညီ သားစဉ်မြေးဆက် ခိုင်မာစွာရရှိရေး၊ တနည်းအားဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့် လုံခြုံစိတ်ချရမှု (Land Tenure Security) အပြည့်အဝရရှိရေး ဖြစ်ပါသည်။ လုပ်ပိုင်ခွင့် ခိုင်ခိုင်မာမာ ရရှိခြင်းဖြင့် မိမိတို့၏ လယ်ယာမြေကို ပိုမိုတန်ဖိုးထား၍ ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းအောင် ပိုမိုရင်းနှီး စိုက်ထုတ်ပြီး လယ်ယာထွက်ကုန်များ ပိုမိုတိုးတက်ထွက်ရှိအောင် အားစိုက်ကြိုးပမ်း လုပ်ကိုင်လာနိုင်ကြ မည် ဖြစ်ပါသည်။ လယ်ယာမြေဖွံ့ဖြိုးတိုးတက်ရေး (Land Development) ဆောင်ရွက်သည့် မြေပြင်မှသည် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းကွင်းဆက် တစ်လျှောက်လုံး ထိရောက်စွာ ရင်းနှီး စိုက်ထုတ် လုပ်ကိုင်လာခြင်းဖြင့် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရေး လုပ်ငန်းစဉ်အပါအဝင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန် မြှင့်တင်နိုင်ရန် ရည်ရွယ်ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ပါသည်။
လယ်ယာမြေနှင့်ပတ်သက်၍ ၁၉၅၃ ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေ၊ ၁၉၅၄ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးနည်းဥပဒေ၊ ၁၉၆၃ ခုနှစ်၊ သီးစားချထားရေး ဥပဒေ၊ ၁၉၆၃ ခုနှစ်၊ သီးစားချထားရေး နည်းဥပဒေများ ပြဋ္ဌာန်းခဲ့ပြီး ၁၉၅၃ ခုနှစ်မှစတင်ပြီး နိုင်ငံတော်က သီးစားချထား ပေးခြင်းကို ဆောင်ရွက်ခဲ့ရာ တောင်သူလယ်သမားများအနေဖြင့် လယ်ယာမြေကို လက်ရှိထားနိုင်ခွင့်၊ လုပ်ကိုင်နိုင်ခွင့်၊ ယင်းသို့ လုပ်ကိုင်ရာမှ ပေါ်ထွက်လာသော အကျိုးအမြတ်ကို ခံစားနိုင်ခွင့် စသည့် အခွင့်အရေးကိုသာ ရရှိခဲ့ကြပြီး လယ်ယာမြေကို ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်၊ ပေးကမ်းခွင့်၊ အမွေဆက်ခံခွင့် အခွင့်အရေး များ မရရှိခဲ့ကြပါ။ လယ်ယာမြေများအား ယခုကဲ့သို့ လက်ရှိ ထားပိုင်ခွင့်၊ လယ်ယာမြေ လုပ်ပိုင်ခွင့်၊ ယင်းသို့ လုပ်ပိုင်ခွင့်မှ ပေါ်ထွက်လာသည့် အကျိုးအမြတ်ကို ခံစားပိုင်ခွင့်၊ အမွေ ဆက်ခံခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတရားရုံး၏ အဆုံးအဖြတ် ခံယူနိုင်ခွင့်တို့အပြင် လယ်ယာမြေကို ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့်ကိစ္စရပ် များအား စာချုပ်စာတမ်းဖြင့် တရားဝင်လွှဲပြောင်းခွင့် အခွင့်အရေးပေးခြင်းမှာ ၁၉၅၃ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ခွင့်ပြုပေးခဲ့ခြင်းသာ ဖြစ်ပါသည်။
မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေနှင့် နည်းဥပဒေများပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်မှု
မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကို ၂၀၁၂ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် (၁၀) ဖြင့် ၂၀၁၂ ခုနှစ် မတ်လ (၃၀) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါသည်။ မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးနည်းဥပဒေကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ် ၁/၂၀၁၂ ဖြင့် ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေအား ၂၀၁၈ ခုနှစ် ၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၂၄) ဖြင့် ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၁၁) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါသည်။ မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးနည်းဥပဒေကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၃၂၄/၂၀၂၁ ဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေနှင့်အညီ နိုင်ငံအတွင်းရှိ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများအား လုပ်ငန်းလုပ်ကိုင်လိုသည့် လုပ်ငန်းရှင်/အဖွဲ့အစည်းများနှင့် တစ်နိုင်တစ်ပိုင် လုပ်ကိုင် လိုသည့် ဒေသခံတောင်သူများအား ဥပဒေနှင့်အညီ လုပ်ကိုင်ခွင့်ပြု ပေးလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ကုန်အထိ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲ ရေးဗဟိုကော်မတီမှ စိုက်ပျိုးရေးလုပ်ငန်းအတွက် လုပ်ငန်းရှင်/အဖွဲ့အစည်း (၂၈၁) ခု အား ဧရိယာ (၁၃၉,၇၇၆.၀၈၀) ဧက ကိုလည်းကောင်း၊ မွေးမြူရေးလုပ်ငန်းအတွက် လုပ်ငန်းရှင်/ အဖွဲ့အစည်း(၇၆)ခုအား ဧရိယာ(၁၂,၃၉၂.၄၆၀) ဧက ကိုလည်းကောင်း၊ ဓါတ်သတ္တူထုတ်လုပ် ခြင်းလုပ်ငန်းအတွက် လုပ်ငန်းရှင်/အဖွဲ့အစည်း (၇၀) ခုအား ဧရိယာ (၅,၅၁၈.၂၀၀) ဧကကို လည်းကောင်း၊ ဥပဒေနှင့်ညီညွတ်သော အခြားလုပ်ငန်းများအတွက် လုပ်ငန်းရှင်/ အဖွဲ့အစည်း (၉၉၆) ခုအား ဧရိယာ (၅၅,၁၅၅.၉၄၆) ဧကကို လည်းကောင်း၊ ခွင့်ပြုချထားပေးခဲ့ရာတွင် ဌာနအနေဖြင့် ဗဟိုကော်မတီ၏ ရုံးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် စီမံခန့်ခွဲရေးကော်မတီများမှ စိုက်ပျိုးရေး လုပ်ငန်းအတွက် လုပ်ငန်းရှင်/ အဖွဲ့အစည်း (၇၂၅၈) ခုအား ဧရိယာ (၂၆၄,၃၆၁.၈၀၀) ဧကကို လည်းကောင်း၊ မွေးမြူရေး လုပ်ငန်းအတွက် လုပ်ငန်းရှင်/ အဖွဲ့အစည်း (၃၁၄) ခုအား ဧရိယာ (၁၀,၁၃၃.၉၂) ဧကကို လည်းကောင်း ခွင့်ပြုချထားပေးခဲ့ရာတွင် ဌာနအနေဖြင့် စီမံခန့်ခွဲရေးကော်မတီ၏ ရုံးလုပ်ငန်း များကို ဆောင်ရွက်ပေးခဲ့ပါသည်။ မြေလွတ်၊မြေလပ်နှင့်မြေရိုင်း လုပ်ပိုင်ခွင့်ချထားခံရသူများ ထံမှ မြေခွန်ကောက်ခံခြင်းလုပ်ငန်းကို ဥပဒေ၊ နည်းဥပဒေပါ ညွှန်ကြားချက်များနှင့်အညီ မြို့နယ်ဦးစီးဌာနမှူးများအား မြေခွန်ကောက်ခံသူအရာရှိအဖြစ် ခန့်အပ်ထားခြင်းအပေါ် အခါအားလျော်စွာ ကြီးကြပ်ကွပ်ကဲ၍ ပြည်ထောင်စုချုပ်စာရင်းပြုစု ဆောင်ရွက်လျက် ရှိပါသည်။