Skip to main content

နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေးဥပဒေ ၊နည်းဥပဒေ ပြဌာန်းနိုင်ရေး ဆောင်ရွက်မှု

   ဒုတိယအကြိမ်ပြည့်သူ့လွှတ်တော်မှ နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊မတ်လ၃၀ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်-၁၁အဖြစ် အတည်ပြု ပြဋ္ဌာန်းပြီး ၂၀၂၀ပြည့်နှစ် မတ်လ(၃၁)ရက်နေ့ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊၅၄/၂၀၂၀ ဖြင့် နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေးဥပဒေသည် ၂၀၂၀ပြည့်နှစ်၊ ဧပြီလ(၁)ရက်နေ့တွင် ယင်း ဥပဒေပုဒ်မ ၂ အရ စတင်အာဏာတည်သည် ဟု သတ်မှတ်ခဲ့ပါသည်။
    နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေးဥပဒေတွင် အခန်းပေါင်း(၈)ခန်း၊ ဥပဒေပုဒ်မပေါင်း (၂၈)ခုတို့ဖြင့် ရေးဆွဲထားရှိပြီး နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေးနည်းဥပဒေများကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်၊၂၈၆/၂၀၂၁ ဖြင့် ၂၀၂၁ခုနှစ်၊စက်တင်ဘာလ၂၄ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။ နယ်နိမိတ်တိုင်းတာ ပိုင်းခြားသတ်မှတ်ရေးနည်းဥပဒေများတွင် အခန်းပေါင်း(၁၁)ခန်း၊နည်းဥပဒေပေါင်း(၅၇)ခု တို့ဖြင့် ရေးဆွဲထားရှိပါသည်။
       နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေးဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံတော်အတွင်းရှိ တည်ဆဲဥပဒေများနှင့်အညီ သတ်မှတ်ထားသည့် ပြည်ထောင်စု နယ်မြေ၊တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ခရိုင်၊မြို့နယ်၊မြို့၊ရပ်ကွက်၊ကျေးရွာအုပ်စု၊ကျေးရွာများအတွင်းရှိ ကွင်း၊အကွက်များ၏ မြေနယ်နိမိတ်များတိုင်းတာခြင်း၊သတ်မှတ်ခြင်း၊ပြင်ဆင်ခြင်း ဆောင်ရွက် နိုင်စေရန်၊စိုက်ထူထားရှိသည့် မြေတိုင်းမှတ်တိုင် သို့မဟုတ် နယ်နိမိတ်မှတ်တိုင်များကို ထိခိုက်ပျက်စီးခြင်း၊ပြောင်းလဲခြင်းမရှိစေရန်အတွက် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်နှင့် တိုင်းတာပိုင်းခြားသတ်မှတ်ထားရှိသည့် မြေတိုင်းမှတ်တိုင် သို့မဟုတ် နယ်နိမိတ်မှတ်တိုင် တို့အား ရာသီဉတုကြောင့်သော်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့်သော် လည်းကောင်း၊အခြားအကြောင်းတစ်ခုခုကြောင့်သော်လည်းကောင်း၊ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ပါက တိုင်းတာခြင်း၊သတ်မှတ်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း ဆောင်ရွက်နိုင်စေရန် အလို့ငှာ ရည်ရွယ်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါသည်။