Skip to main content

စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေနှင့်အညီ စာချုပ်စာတမ်းများ မှတ်ပုံတင်ပေးရေး

ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနအနေဖြင့် စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်းလုပ်ငန်း အား ပင်မလုပ်ငန်းတစ်ရပ်အနေဖြင့် ၁၉၇၂ ခုနှစ်မှစတင်၍ ၁၉၀၈ ခုနှစ်၊ အိန္ဒိယရီဇစ္စတြီ မှတ်ပုံတင်အက်ဥပဒေ၊ ၁၉၁၃ ခုနှစ်၊ စာချုပ်စာတမ်းများ ရီဇစ္စတြီ မှတ်ပုံတင် နည်းဥပဒေများ၊ ၁၉၁၄ ခုနှစ်၊ မြန်မာနိုင်ငံတော် စာချုပ်စာတမ်းများ ရီဇစ္စတြီမှတ်ပုံတင်လက်စွဲဥပဒေ၊ ၁၉၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရ၏ စာချုပ်စာတမ်းမှတ်ပုံတင်ရေးဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် (၃၇)နှင့် ၁၉၄၆ ခုနှစ်၊ စာချုပ်စာတမ်းများ မှတ်ပုံတင် လက်စွဲဥပဒေတို့နှင့်အညီ ဆောင်ရွက်လာခဲ့ရာ နိုင်ငံတော်အတွက် အခွန်အခများရရှိစေရန်နှင့် နိုင်ငံသားအချင်းချင်း ပဋိညာဉ်ပြုချုပ်ဆိုကြ သော စာချုပ်စာတမ်းများကို မှတ်ပုံတင်ပေးခြင်းအားဖြင့် ချုပ်ဆိုသူတို့အနေဖြင့်လည်း တရားဝင် သက်သေခံအထောက်အထား ရရှိစေပြီး အများပြည်သူတို့အတွင်း လိမ်လည်မှုမျာကို ကာကွယ် ပေးနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။ 

စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်းလုပ်ငန်းအတွက် ယခင်ကျင့်သုံးခဲ့သည့် ဥပဒေ၊ နည်းဥပဒေများအား ခေတ်ကာလ နှင့် လျော်ညီအောင် ပြင်ဆင်ရန် အလို့ငှာ ၂၀၁၈ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့တွင် စာချုပ်စာတမ်း များမှတ်ပုံတင်ဥပဒေ (အသစ်) ကို ပြည်ထောင်စုလွှတ်တော်ရုံး၏ အမိန့်ကြော်ငြာစာအမှတ်၊ ၂၁/၂၀၁၈ (၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် - ၉) ဖြင့် အတည်ပြု ပြဋ္ဌာန်း ခဲ့ပြီး စာချုပ်စာတမ်းများ မှတ်ပုံတင်နည်းဥပဒေများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသည် စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေပုဒ်မ ၈၆ ပုဒ်မခွဲ (က) အရ အပ်နှင်း ထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီမှုဖြင့် (၁၀-၉-၂၀၁၉) ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊ ၂၉၉/၂၀၁၉ ဖြင့် ထုတ်ပြန်ကာ လက်ရှိ ကျင့်သုံး၍ စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိပါသည်။