Skip to main content

မြန်မာနိုင်ငံ လယ်ယာသန်းခေါင်စာရင်းကောက်ယူခြင်း စီမံကိန်းလုပ်ငန်းများ

ကမ္ဘာ့လယ်ယာသန်းခေါင်စာရင်းကောက်ယူခြင်းကို ၁၉၃၀ ခုနှစ်မှ စ၍ (၁၀) နှစ်လျှင် တစ်ကြိမ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံတွင် လယ်ယာသန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကို UNDP နှင့် FAO တို့၏ နည်းပညာနှင့်ရန်ပုံငွေထောက်ပံ့ကူညီမှုဖြင့် ၁၉၅၃ ခုနှစ်တွင် ပထမအကြိမ်၊ ၁၉၉၃ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၂၀၀၃ ခုနှစ်တွင် တတိယအကြိမ်နှင့် ၂၀၁၀ ခုနှစ်တွင် စတုတ္ထအကြိမ် ပါဝင်ဆောင်ရွက်နိုင်ခဲ့ပါသည်။
    ၁၉၅၃-၅၄ ခုနှစ် မြန်မာနိုင်ငံ၏ ပထမဆုံးလယ်ယာသန်းခေါင်စာရင်းကို အဆင့်လိုက် ဆောင်ရွက်ခဲ့ပါသည်။ ထိုအချိန်က လုံခြုံရေးအခြေအနေအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူနိုင်ခြင်း မရှိခဲ့ပါ။ ၁၉၅၃ ခုနှစ် တွင် ပထမအဆင့် ကောက်ယူခဲ့ပါသည်။ တိုင်းများမှ (၂၄၈) မြို့နယ်၊ ကချင်ပြည်နယ်မှ မြို့ပြဧရိယာများပါဝင်သော (၄) မြို့နယ်တို့ ပါဝင်ပါသည်။ လုံခြုံရေး အခြေအနေအရ ပလက်ဝတိုင်းခွဲမှအပ ချင်းအထူးတိုင်း (ချင်းဝိသေသတိုင်း) လည်း ကောက်ယူရာတွင် ပါဝင်ပါသည်။ ၁၉၅၄ ခုနှစ်တွင် ဆက်လက်ကောက်ယူခဲ့ရာ တိုင်းများမှ ကျေးရွာအုပ်စုပေါင်း (၂၁၄၃) အုပ်စုနှင့် ကချင်ပြည်နယ်မှ ကျေးရွာပေါင်း (၁၀၁၆) ရွာ ပါဝင် ပါသည်။ လူထုတစ်ရပ်လုံး၏ အဓိကစီးပွားရေးလုပ်ငန်းများနှင့် အသေးစိတ် အချက်အလက် များရရှိရန် ထိုအချိန်က သန်းခေါင်စာရင်းများကို စနစ်တကျကောက်ယူရန် စီမံချက်ရေးဆွဲခဲ့ ကြပါသည်။ ယင်းသန်းခေါင်စာရင်းများမှာ-
(က)    အပြည့်အဝကောက်နည်းလမ်းဖြင့် ကောက်ယူသော လူဦးရေသန်းခေါင်စာရင်း၊
( ခ)    နမူနာကောက်နည်းလမ်းဖြင့် ကောက်ယူသော လူဦးရေသန်းခေါင်စာရင်း၊
( ဂ)    နမူနာကောက်နည်းလမ်းဖြင့် အိမ်အကြောင်းအရာ ကောက်ယူခြင်း၊
(ဃ)    စက်ရုံများသန်းခေါင်စာရင်း၊
( င)    အိမ်တွင်းစက်မှုလက်မှုသန်းခေါင်စာရင်း၊
( စ)    အိမ်တွင်းစားသောက်ကုန် ထုတ်လုပ်ခြင်း လုပ်ငန်းသန်းခေါင်စာရင်း၊
(ဆ)    လယ်ယာသန်းခေါင်စာရင်းတို့ဖြစ်ပါသည်။
    သန်းခေါင်စာရင်းများကောက်ယူမှုကို အချိန် (၁) လခွဲ အတွင်း ဆောင်ရွက်ပါသည်။ ပထမဦးဆုံး လူဦးရေသန်းခေါင်စာရင်းကို အပြည့်အကောက်ယူရပါသည်။ သန်းခေါင်စာရင်း ကောက်ယူမည့်ဒေသ၏ မြေပုံများနှင့်စာရင်းများကို အခြေခံလျက် (၂) ပတ်ကြာ ကောက်ယူရာ စာရင်းကောက်ချိန်အတွင်း အမြဲတမ်းနေထိုင်ရာဒေသရှိ လူဦးရေအားလုံးကို ကောက်ယူပါ သည်။ အိမ်ထောင်စုအားလုံးသို့ နံပါတ်စဉ်အတိုင်း အစဉ်အလိုက် သွားရောက်မေးမြန်း ရပါသည်။ ဒုက္ခသည်စခန်းများ၊ ဆေးရုံများ၊ အကျဉ်းထောင်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ ရဲနှင့်စစ်တပ်တန်းလျားများကို အဖွဲ့အစည်းများအဖြစ် သီးခြားကောက်ယူပြုစုပါသည်။ စက်မှုလုပ်ငန်း၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း၊ အိမ်တွင်း စားသောက်ကုန်လုပ်ငန်းနှင့် လယ်ယာသန်းခေါင်စာရင်းကောက်ယူရာတွင် မူဘောင်တစ်ခုရရှိရန် အဓိကကျသော အောက်ပါ မေးခွန်း (၃) ခုကို ဦးစွာမေးမြန်းပါသည် -
(က)    ရောင်းချရန်ရည်ရွယ်ချက်ဖြင့် ကုန်ပစ္စည်းတစ်ခုခုကို ထုတ်လုပ်ခြင်းရှိ/မရှိ၊
( ခ)    လွန်ခဲ့သော(၁၂)လအတွင်း အိမ်တွင်းမိသားစုများ စားသုံးရန်သက်သက်အတွက် အိမ်ဝိုင်းအတွင်းမှာပင် ကုန်ပစ္စည်းထုတ်လုပ်မှုရှိ/မရှိ၊
( ဂ)    လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူ ဟုတ်/ မဟုတ်၊ 
ပထမမေးခွန်း (၂) ခု ကို အိမ်ထောင်ဦးစီးဖြစ်သူ ပုဂ္ဂိုလ်အားလုံးကို မေးမြန်းပြီး တတိယ မေးခွန်းကို အဖွဲ့အစည်းများမှလွဲ၍ အိမ်ထောင်စုဝင်များအနက် (၁၁) နှစ်နှင့် အထက်ပုဂ္ဂိုလ် အားလုံးကို မေးမြန်းပါသည်။ ပုဂ္ဂိုလ်တစ်ဦးဦးက လယ်သမားဖြစ်ကြောင်း ပြန်လည်ဖြေကြား ပါက ၄င်းလုပ်ကိုင်ဆောင်ရွက်နေသည့် လယ်ယာလုပ်ငန်းခွင်နှင့်ပတ်သက်သော အချက်အလက် များကို မေးမြန်းပါသည်။ ယင်းအခြေအနေတွင် လယ်ယာလုပ်ကိုင်ဆောင်ရွက်သော အိမ်ထောင်စု အားလုံးသို့ သွားရောက် မေးမြန်းကောက်ယူရပါသည်။
၁၉၉၃ ခုနှစ် မြန်မာနိုင်ငံလယ်ယာသန်းခေါင်စာရင်းအား UNDP နှင့် FAO တို့၏ နည်းပညာအကူအညီဖြင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနသည် ၁၉၉၃ ခုနှစ်၊ လယ်ယာ သန်းခေါင်စာရင်းကို ကောက်ယူခဲ့ပါသည်။ ပြည်နယ်/ တိုင်း (၁၄) ခုမှ (၃၁၉) မြို့နယ်အနက် (၂၇၂) မြို့နယ်တွင် နမူနာကောက်နည်းလမ်းဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ၁၉၉၃ ခုနှစ်၊ လယ်ယာ သန်းခေါင်အစီရင်ခံစာတွင် နမူနာကောက် နည်းလမ်းဖော်ပြချက်၊ မြေယာပိုင်ဆိုင်မှု အဓိက လက္ခဏာများ၊ အဓိကတွေ့ရှိချက်များ၊ အကြံပြုချက်များနှင့် ဆက်စပ်ဇယားများ ပါဝင် ပါသည်။ ယင်းကောက်ယူမှုလုပ်ငန်းစဉ်တွင် မပါဝင်သည့်ဒေသများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(က)    စိုက်ပျိုးရေးလုပ်ကိုင်မှုနည်းသော ဝေးလံဒေသများ၊
(ခ)    လုံခြုံရေးအားနည်းသော၊ လူနေထိုင် သိပ်သည်းမှုနည်းသော ဒေသများ အိမ်ထောင်စု အလိုက်ဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သော စိုက်ပျိုးရေးလုပ်ငန်းများအားလုံးကို ကောက်ယူခဲ့ပါသည်။ စာသင်ကျောင်း များနှင့် ဘုန်းတော်ကြီးကျောင်းများမှ လုပ်ကိုင်သည့် စိုက်ပျိုးရေး လုပ်ခွင်များကို ကောက်ယူခဲ့ခြင်းမရှိပါ။
    ၁၉၉၃ ခုနှစ် လယ်ယာသန်းခေါင်စာရင်း အတွေ့အကြုံများကို အခြေခံ၍ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနသည် အသေးစားစစ်တမ်းဖြစ်သည့် စိုက်ပျိုးရေးဆိုင်ရာ လူမှုစီးပွါး စစ်တမ်းကို (၁၈၅) မြို့နယ်တွင် ဆောင်ရွက်ခဲ့ပါသည်။ ရည်ရွယ်ချက်မှာ လယ်သမား အိမ်ထောင်စု များ၏ လူနေမှုအဆင့်အတန်းကို သိရှိနိုင်ရန် ဖြစ်ပါသည်။ ၁၉၉၆ ခုနှစ်တွင် UNDP ၏ ကြီးကြပ်မှု၊ Macro International, Inc, USA ၏ နည်းပညာအကူအညီဖြင့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနသည် လူသားဖွံ့ဖြိုးမှု ရှေးဦးဆောင်ရွက်ချက် အခြေခံစစ်တမ်းကို ပြည်နယ် နှင့်တိုင်း (၈) ခုမှ (၂၃) မြို့နယ်တွင် ဆောင်ရွက်ခဲ့ပါသည်။
၂၀၀၃ ခုနှစ် မြန်မာနိုင်ငံလယ်ယာသန်းခေါင်စာရင်းတွင် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ (FAO) ၏ ၂၀၀၀ ပြည့်နှစ် ကမ္ဘာ့လယ်ယာသန်းခေါင်စာရင်း အစီအစဉ်(WCA 2000) ၏ ညွှန်ကြားချက်နှင့်အညီ မြန်မာနိုင်ငံ၏ တတိယအကြိမ်မြောက် ၂၀၀၃ ခုနှစ် လယ်ယာ သန်းခေါင်စာရင်းကို ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနက ဦးဆောင်၍ ကောက်ယူခဲ့ပါသည်။ WCA 2000 တွင် ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် အိမ်ထောင်စုများကိုပါ ပါဝင်ရန် ညွှန်ကြားထားသဖြင့် ငါးမွေးမြူရေး၊ ငါးဖမ်းခြင်းနှင့် အိမ်မွေးတိရစ္ဆာန်မွေးမြူခြင်းများကိုပါ ကောက်ယူခဲ့ပါသည်။ အပြည့်အဝကောက်ယူခြင်းစနစ်ကို အသုံးပြုခဲ့သဖြင့် အနာဂတ်ဖွံ့ဖြိုး ရေးစီမံကိန်းများနှင့် ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းများကို ဖော်ထုတ်သတ်မှတ်ရာတွင် အထောက်အကူပြုမည့် အခြေခံအချက်အလက်နှင့် အရေးကြီးသတင်းအချက်အလက်များကို ပံ့ပိုးပေးနိုင်ခဲ့ပါသည်။ မြို့ပြဧရိယာများ၊ သွားလာရေးခက်ခဲသော ဝေးလံဒေသများမှလွဲ၍ တစ်နိုင်ငံလုံးတွင် အပြည့်အဝကောက်ယူခဲ့ပါသည်။ ကောက်ယူချိန်တွင် မြန်မာနိုင်ငံ၌ တိုင်းခွဲ (၁) ခု အပါအဝင် တိုင်း (၈) တိုင်း၊ ပြည်နယ်ခွဲ (၂) ခု အပါအဝင် ပြည်နယ် (၉)ပြည်နယ်ရှိ (၆၃) ခရိုင်၊ (၃၂၄) မြို့နယ်နှင့်ယင်းအောက်တွင် (၁၂၉၀၀) အုပ်စုနှင့် ကျေးရွာပေါင်း (၅၈၀၀၀) ဖြင့် ဖွဲ့စည်းတည်ရှိခဲ့ပါသည်။ သို့ရာတွင် (၃၂၄) မြို့နယ်အနက် (၂၈၃) မြို့နယ်တွင်သာ စာရင်းကောက်ယူနိုင်ခဲ့ပါသည်။
၂၀၁၀ ခုနှစ် မြန်မာနိုင်ငံလယ်ယာသန်းခေါင်စာရင်းအား ၂၀၁၀ ခုနှစ် ကမ္ဘာ့လယ်ယာ သန်းခေါင်စာရင်း (WCA 2010) ၏ လမ်းညွှန်ချက်များအရ ၂၀၁၀ ခုနှစ် မြန်မာနိုင်ငံ လယ်ယာ သန်းခေါင်စာရင်းကို ကောက်ယူခဲ့ပါသည်။ WCA 2010 က အဓိက(၁၆)ချက်နှင့် နောက်ဆက်တွဲ (၈၉)ချက်ကို ကောက်ယူရန်ညွှန်ကြားခဲ့သဖြင့် FAO ကလည်း အဓိက (၁၆) ချက်ကို အပြည့်အဝ ကောက်ယူပြီး နောက်ဆက်တွဲအချက်များကို နမူနာကောက်နည်းလမ်း (Sampling Method) ဖြင့် ကောက်ယူရန် အကြံပြုခဲ့ပါသည်။ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနသည်လည်း ပုံမှန် ကောက်ယူလျက်ရှိသည့် စာရင်းများနှင့် မထပ်မိစေရန် အဓိကအချက် (၁၆) ချက်အနက် (၁၁) ချက်ကို ကောက်ယူဆောင်ရွက်ခဲ့ပါသည်။
    ၂၀၁၀ ခုနှစ် မြန်မာနိုင်ငံလယ်ယာသန်းခေါင်စာရင်းကို အဆင့် (၂) ဆင့် ခွဲလျက် ၂၀၀၈ ခုနှစ် နှစ်ဆန်းပိုင်းမှ ၂၀၀၉ ခုနှစ်၊ မတ်လထိ လယ်ယာလုပ်ကိုင်သူ အိမ်ထောင်စုများ ဖော်ထုတ် သတ်မှတ်နိုင်ရန် ပင်မလယ်ယာသန်းခေါင်စာရင်း (Core Module) ကို လည်းကောင်း၊ ၂၀၁၁ ခုနှစ်၊ ဖေဖေါ်ဝါရီလနှင့် မတ်လတို့တွင် FAO ၏ နည်းပညာပူးပေါင်း ဆောင်ရွက်မှုဖြင့် နောက်ဆက်တွဲ အသေးစိတ်စာရင်းကိုလည်းကောင်း ကောက်ယူဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၀ ခုနှစ် မြန်မာနိုင်ငံလယ်ယာသန်းခေါင်စာရင်းကောက်ယူချိန်တွင် တည်ရှိသည့် ပြည်နယ်နှင့်တိုင်း (၁၇)ခု၊ (၆၆)ခရိုင်၊ မြို့နယ်နှင့် မြို့နယ်ခွဲ (၃၅၁)၊ ကျေးရွာအုပ်စု (၁၂၃၇၅)၊ ရပ်ကွက်ပေါင်း (၁၉၁၇)၊ ကျေးရွာပေါင်း (၅၃၅၃၀) နှင့် ရပ်ကွက်ခွဲပေါင်း (၂၄၉၆)တွင် ကောက်ယူဆောင်ရွက် ခဲ့ပါသည်။ တစ်နိုင်ငံလုံးရှိ နမူနာ စိုက်ပျိုးရေးလုပ်ခွင်ပေါင်း (၀.၅၆) သန်းကို ကောက်ယူရန် လယ်ယာသန်းခေါင်စာရင်း မေးခွန်းလွှာပေါင်း (၁.၅၇) သန်းကို အသုံးပြုခဲ့ပါသည်။