Skip to main content

မြေစာရင်း၊ မြေတိုင်းနှင့် ပုံနှိပ်ဌာနခွဲ

ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ အသုံးပြုနေသော ကွင်းမြေပုံများသည် နိုင်ငံတော်၏ လယ်ယာကဏ္ဍဆိုင်ရာ စာရင်းများထုတ်ပြန်ခြင်း၊ မြေယာစီမံခန့်ခွဲမှု လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်များ ထုတ်ပေးခြင်း လုပ်ငန်းများတွင် မရှိမဖြစ် အသုံးပြုရသည့်မြေပုံများဖြစ်သဖြင့် မြေစာရင်း၊ မြေတိုင်းနှင့်ပုံနှိပ်ဌာနခွဲအနေဖြင့် နှစ်စဉ်မြေကြီး၊ မြေပုံနှင့်မြေစာရင်း မှန်ကန်ရေး လုပ်ငန်းစီမံချက်များချမှတ် ဆောင်ရွက်ခြင်း၊ မြေတိုင်းတာခြင်းနှင့်မြေပုံထုတ်လုပ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။

ဌာနသည် သီးနှံစိုက်ပျိုးမှုဆိုင်ရာ စာရင်းအင်းများ၊ မြေအသုံးချမှုဆိုင်ရာ စာရင်းအင်းများကို ကွက်စိပ်မြေပုံများကို အသုံးပြု၍ စာရင်းကောက်ယူပြုစုလျက် ရှိပါသည်။ စိုက်ပျိုးမြေ များအတွက် မြေပြန့်ဒေသတွင် ၁၆လက်မ = (၁) မိုင် စကေး (၁:၃၉၆၀) ကွင်းမြေပုံများ အသုံးပြု၍လည်းကောင်း၊ တောင်ပေါ်ဒေသ များတွင် လှေခါးထစ်လယ်ယာကဲ့သို့ သေးနုတ်သည့် လယ်ကွက်များအတွက် ၃၂ လက်မ = (၁) မိုင် စကေး (၁:၁၉၈၀) ကွင်းမြေပုံများ အသုံးပြု၍ လည်းကောင်း၊ မြို့မြေများအတွက် ၆၄ လက်မ = (၁) မိုင်၊ (၁:၉၉၀) စကေးမြေပုံများ အသုံးပြု၍ လည်းကောင်း စာရင်းပြုစုလျက် ရှိပါသည်။

မြန်မာနိုင်ငံတစ်ခုလုံးတွင် ကွင်းပေါင်း (၈၇၀၄၉) ကွင်းနှင့် အကွက်ပေါင်း (၁၁၂၇၉) ကွက်အား ကွင်းဖွဲ့ထားရှိ၍ မြေတိုင်းတာပုံထုတ်ထားပြီး ယင်းမြေပုံ များကို အသုံးပြု၍ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ တိုင်းတာပြီး ကွင်းမြေပုံအချို့မှာ လူတို့၏ ပြုပြင်ပြောင်းလဲမှုကြောင့်လည်းကောင်း၊ သဘာဝအကြောင်းတရားတို့ ကြောင့်လည်းကောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းများကြောင့် လည်းကောင်း၊ မြေပြင်အခြေအနေနှင့် မြေပုံကိုက်ညီမှန်ကန်မှု မရှိတော့သဖြင့် ပြန်လည် တိုင်းတာဆောင်ရွက်ရန် လိုအပ်သကဲ့သို့ စိုက်ပျိုးမြေဧရိယာအသစ် များ တိုးချဲ့ဖော်ထုတ် လုပ်ကိုင်မှုများကြောင့် ထပ်မံကွင်းဖွဲ့တိုင်းတာရန် လိုအပ် ပါသည်။

လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ အသုံးပြုနေသည့် ကွင်းမြေပုံအများစုသည် ယခင်က သာမန်မြေတိုင်းတာခြင်းနည်းလမ်းဖြင့် တိုင်းတာထားခြင်းဖြစ်ပြီး၊ သီအိုဒိုလိုက်မှန်ပြောင်း၊ သံကြိုး၊ အော့ဆက်ဝါးနှင့် မြေတိုင်းခုံများကို အသုံးပြုတိုင်းတာပြီး စက္ကူကွက် (Section Sheet) ပေါ်တွင် ရေးဆွဲ၍ ပုံနှိပ်စက်သို့ ပေးပို့ ပုံထုတ်ဆောင်ရွက်ခဲ့ပါသည်။

လက်ရှိ ခေတ်မီမြေတိုင်းကိရိယာများဖြင့် မြေတိုင်းတာခြင်းနည်းလမ်း တွင် Total Station, RTK GPS များကို အသုံးပြု၍ အကွာအဝေး တိုင်းတာခြင်း၊ ထောင့်တိုင်းတာခြင်းနှင့် ကိုသြဒိနိတွက်ချက်ခြင်းတို့ကို အလိုအလျောက် တွက်ချက်ပေးပြီး၊ မြေပုံရေးဆွဲခြင်းလုပ်ငန်းကို ကွန်ပျူတာတွင် GIS Software (Geomedia) ကို အသုံးပြု၍ ရေးဆွဲခြင်းဖြစ်ပါသည်။ ဂြိုလ်တုဓါတ်ပုံများ အသုံးပြု၍ မြေပုံရေးဆွဲရာတွင်လည်း ပုံရိပ်ပြတ်သားမှုရှိသော World View 2 ကဲ့သို့သော နှစ်အတွင်း ရိုက်ကူးထားသည့် ဂြိုလ်တုဓါတ်ပုံများကို တင်ဒါစနစ်ဖြင့် ဝယ်ယူပြီး ကွန်ပျူတာဖြင့် ချိတ်ဆက်၍ GIS Software (Geomedia) ကို အသုံးပြု၍ ရေးဆွဲခြင်းဖြစ်ပါ သည်။

မြေတိုင်းတာခြင်းလုပ်ငန်းအနေဖြင့် လယ်ယာမြေများတွင် ၁၈၉၂ ခုနှစ် ခန့်မှစ၍ ၂၀၁၁ ခုနှစ်အထိ သမားရိုးကျမြေတိုင်းတာခြင်း နည်းစနစ်ဖြင့် ကွင်းပေါင်း (၈၇၀၄၉) ကွင်း၊ ဧရိယာ (၅၂၂၁၉၈၃၄) ဧကနှင့် မြို့မြေများ၏ အကွက်ပေါင်း (၁၁၂၇၉) ကွက်၊ ဧရိယာ (၅၅၇၇၃၈) ဧကအား ကွင်းဖွဲ့ထားခဲ့ပြီး ၂၀၁၁-၂၀၁၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်၊ မတ်လကုန်အထိ လယ်ယာမြေ ကွင်းပေါင်း (၄၅၆၅၉) ကွင်း၊ ဧရိယာ (၂၄၈၆၈၄၇၂) ဧကနှင့် မြို့မြေ/ကျေးရွာမြေ အကွက်ပေါင်း (၄၅၉၀) ကွက်၊ ဧရိယာ (၁၇၆၅၄၂) ဧကအား သမားရိုးကျမြေပုံစနစ်မှ ဒီဂျစ်တယ်မြေပုံအဖြစ် ပြောင်းလဲနိုင်ရေး ခေတ်မီမြေတိုင်းကိရိယာများဖြင့် မြေတိုင်းတာဆောင်ရွက် နိုင်ခဲ့ပါသည်။