Skip to main content

ကြေးတိုင်၊ စီမံကိန်းနှင့်သုတေသနဌာနခွဲ

ကြေးတိုင်၊စီမံကိန်းနှင့်သုတေသနဌာနခွဲ၏ အဓိကလုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)    ကြေးတိုင်လုပ်ငန်း၊

(ခ)     မြေခွန်၊ ရေခွန်နှင့်တာတမံခွန် စည်းကြပ်ခြင်းလုပ်ငန်း၊

(ဂ)     စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းလုပ်ငန်း၊

(ဃ)    နိုင်ငံတကာဆက်ဆံရေးလုပ်ငန်း၊

(င)     မြန်မာနိုင်ငံလယ်ယာသန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းစီမံကိန်း၊

 

(က)    ကြေးတိုင်လုပ်ငန်း

အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်ကြေးတိုင်ဦးစီးဌာနများ သည် တည်ဆဲမြေခွန်ဥပဒေများနှင့် ကြေးတိုင်ညွှန်ကြားချက်အရ မြေခွန် နှုန်းထားများ သတ်မှတ်နိုင်ရန် စီးပွားရေးစစ်တမ်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်ပါသည်။ ကြေးတိုင်လုပ်ငန်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ကြေးတိုင် ညွှန်ကြားချက်များနှင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ (၃၁-၁၀-၁၉၂၈) ရက်စွဲပါ ကြေးတိုင်ပြင်ဆင်ခြင်းလုပ်ငန်း ညွှန်ကြားချက်များအရ ဆောင်ရွက် လျက်ရှိပါသည်။ ကြေးတိုင်စိုက်ခြင်းခေါ် မြေခွန်တော်နှုန်းသတ်မှတ်ခြင်း လုပ်ငန်းကြီး တစ်ခုလုံးတွင် အဓိကကျသော လုပ်ငန်းကြီး (၃) ရပ်တို့မှာ ကြေးတိုင်ရပ်ကွက် (Assessment Tract) ခွဲခြားခြင်း၊ မြေမျိုးကြီး (Main Kind) ခွဲခြားခြင်းနှင့် မြေမျိုးအတန်းအစား (Soil Class) သတ်မှတ်ခြင်းတို့ ဖြစ်ပါသည်။

ကြေးတိုင်လုပ်ငန်းဆောင်ရွက်ရာတွင် ဆောင်ရွက်ရသော လုပ်ငန်း အကျဉ်းချုပ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    စံကွက်ရွေးချယ်၍ သီးနှံရိတ်သိမ်းခြင်း၊

( ခ)    ဦးပိုင်ခြားစစ်ဆေးခြင်း၊ သီးစားစစ်ဆေးခြင်း၊

( ဂ)    သီးနှံအထွက် စုံစမ်းမေးမြန်းစစ်ဆေးခြင်း၊

(ဃ)    သီးနှံများ၏အခြင်အတွယ်၊ ကွင်းသီးနှံပေါက်မှ အိတ်ဝင် သပိတ်ဝင် စျေးနှုန်းကို စုံစမ်းရယူခြင်း၊

( င)    စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်များကို စစ်ဆေးခြင်း၊

( စ)    တောင်သူလယ်သမားများ၏ အသားတင်အကျိုးအမြတ်ကို တွက်ချက်ရခြင်း၊

(ဆ)    ကြေးတိုင်ရပ်ကွက် မြေမျိုးကြီးနှင့်မြေမျိုးအဆင့်အတန်း ခွဲခြား ခြင်း၊

( ဇ)    စိုက်ပျိုးရေးအခြေအနေစုံစမ်းရခြင်း၊

( စျ)    တောင်သူလယ်သမားအိမ်ထောင်စု၏ စားဝတ်နေရေးကိုစုံစမ်းရခြင်း၊

(ည) တောင်သူလယ်သမားများ၏ကြွေးမြီများစုံစမ်းရခြင်း၊

( ဋ)    ထမ်းဆောင်နိုင်မည့် မြေခွန်တော်အချိုးအစားအရ မြေခွန်တော် သတ်မှတ်ပေးရခြင်းများဖြစ်ပါသည်။

မြေခွန်နှုန်းထားသတ်မှတ်ခြင်းမှာ ဒေသအလိုက် လယ်၊ ယာ၊ ကိုင်း၊ ဥယျာဉ်၊ ဓနိ စသည့် မြေအမျိုးအစားအလိုက် စိုက်ပျိုးထွက်ရှိသည့် သီးနှံ အထွက်ပမာဏနှင့် သီးနှံရောင်းရငွေအပေါ်တွင် မိမိလုပ်အားအပါအဝင် ထုတ်လုပ်မှုကုန်ကျစရိတ်အားလုံးကို နှုတ်ပြီးနောက် ကျန်ရှိသည့်  အသားတင် အကျိုးအမြတ်၏ လေးပုံတစ်ပုံမှ ရှစ်ပုံတစ်ပုံခန့်ကို မြေခွန်အဖြစ် သတ်မှတ်ခြင်း ဖြစ်ပါသည်။ ဒေသတစ်ခုချင်းအလိုက် မြေခွန်နှုန်းထားသတ်မှတ်ခြင်း ဆောင်ရွက်ရန် နည်းလမ်းများကို “မြန်မာနိုင်ငံ ကြေးတိုင်သွန်သင်ချက် (Settlement Instructions)” ဖြင့် ပြဋ္ဌာန်းသတ်မှတ်ထားရှိပါသည်။

မြန်မာနိုင်ငံတွင် ကြေးတိုင်စိုက်၍ မြေခွန်နှုန်းထားသတ်မှတ်ခဲ့သော ခရိုင်ပေါင်း (၃၆) ခရိုင် ရှိပါသည်။ နောက်ဆုံးကြေးတိုင်စိုက်ခဲ့သည့်ခရိုင်မှာ မြောင်းမြခရိုင်ဖြစ်ပြီး ၁၉၃၈-၄၀ ခုနှစ်တွင် ဖြစ်ပါသည်။ လွတ်လပ်ရေး ပြီးနောက် ယခင်ကသတ်မှတ်ခဲ့သည့် ကြေးတိုင်မြေခွန်နှုန်းများဖြင့်ပင် ဆက်လက်၍ မြေခွန်စည်းကြပ်ကောက်ခံခဲ့ပါသည်။ ၁၉၆၇ ခုနှစ်တွင် ဘဏ္ဍာရေးနှင့်အခွန်ဌာန၏ (၁၀-၁၁-၁၉၆၇) ရက်စွဲပါအမိန့်ကြော်ငြာ စာအမှတ်(၄၂၅) ကို ထုတ်ပြန်ခဲ့ပြီး ကြေးတိုင်စိုက်ပြီးဒေသများကို ကြေးတိုင် မြေခွန်နှုန်းထားများဖြင့် ဆက်လက်စည်းကြပ်ရန်နှင့် ကြေးတိုင်မစိုက်ရသေး သောဒေသများ တွင် စပါးစိုက်ပျိုးပါက တစ်ဧကလျှင် ၁ ကျပ် ၅၀ ပြားနှုန်းနှင့် အခြားသီးနှံစိုက်ပျိုးပါက တစ်ဧကလျှင် ၁ ကျပ်နှုန်းဖြင့် စည်းကြပ်ရန် ပြဋ္ဌာန်း ခဲ့ပါသည်။

ကြေးတိုင်စိုက်ပြီးသည့်ဒေသများတွင် မြေခွန်နှုန်းထားများကို ခရိုင်အလိုက် ကြေးတိုင်ရပ်ကွက်များပိုင်းခြား၍ ကြေးတိုင်မြေမျိုးကြီးများနှင့် မြေမျိုးအတန်းအစားအလိုက် အသေးစိတ်ခွဲခြားပြဋ္ဌာန်း သတ်မှတ်သဖြင့် လုပ်ငန်းအလွန်ကျယ်ပြန့်ပါသည်။ လက်ရှိမြေခွန်နှုန်းထားများကို မြေမျိုး အလိုက် အောက်ပါအတိုင်းတွေ့ရှိရပါသည်။

စဉ်    မြေမျိုးတစ်ဧကနှုန်း            အမြင့်ဆုံးတစ်ဧကနှုန်း    အနိမ့်ဆုံး တစ်ဧကနှုန်း    ပျမ်းမျှ
(က)    လယ်မြေ(ဆည်ရေသောက်)               ၉.၇၅                         ၁.၂၅                 ၄.၂၅
(ခ)     လယ်မြေ(မိုးကောင်းသောက်)             ၇.၂၅                          ၀.၂၅                ၂.၆၅
(ဂ)     ယာမြေ                                            ၅.၀၀                         ၀.၂၅                ၁.၀၃
(ဃ)    ကိုင်း/ကျွန်း                                      ၅.၀၀                         ၀.၂၅                ၂.၄၆
(င)     ဥယျာဉ်(ဆည်ရေသောက်)                 ၂၂.၀၀                         ၃.၅၀                ၆.၁၈
(စ)     ဥယျာဉ်                                           ၁၂.၀၀                         ၁.၀၀               ၂.၆၇
(ဆ)    ဓနိမြေ                                              ၆.၀၀                         ၁.၅၀               ၄.၃၄

လက်ရှိအခြေအနေတွင် သီးနှံအထွက်နှုန်း၊ သီးနှံ၏ ကာလပေါက်ဈေး နှင့်သီးနှံထုတ်လုပ်မှုကုန်ကျစရိတ်များ အသီးသီးတိုးလာပြီး ယင်းတို့အပေါ်မှ အမြတ်အစွန်း များလည်း သိသိသာသာ ပိုမိုရရှိလာပြီဖြစ်ရာ နိုင်ငံတော်အပိုင်းမှ လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်၍ ရရှိသည့်ဝင်ငွေများအပေါ် မြေခွန်တော် အဖြစ် တိုးမြှင့်စည်းကြပ်ရန် လိုအပ်လာပြီဖြစ်ပါသည်။

ကြေးတိုင်လုပ်ငန်းဆောင်ရွက်ခြင်းသည် နယ်မြေဒေသခရိုင်တစ်ခုကို ဝင်ရောက် အခြေစိုက် ဆောင်ရွက်ရာတွင် (၂) နှစ်မှ (၅)နှစ်အထိ ကြာမြင့် တတ်ပြီး ယင်းဒေသ၏ ရာသီဥတု၊ သဘာဝရေမြေ၊ လူမျိုးစု၊ ကိုးကွယ်သည့် ဘာသာ၊ အလုပ်အကိုင်၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ အခွန်အခနှင့် လုံခြုံရေးစသည့် ကိစ္စအဝဝကို စုံစမ်းလေ့လာစစ်ဆေးပြီး ကြေးတိုင်အစီရင်ခံစာ (Settlement Report) နှင့် ခရိုင်ပြန်တမ်း (District Gazetteer) များတွင် ထည့်သွင်းထုတ်ပြန်၍ ပြည်သူလူထုသိရှိရန် ဆောင်ရွက် ပြီးမှ မြေခွန်သတ်မှတ် ဆောင်ရွက်ရသော လုပ်ငန်းဖြစ်ပါသည်။

(ခ)    မြေခွန်၊ ရေခွန်တာတမံခွန်စည်းကြပ်ခြင်းလုပ်ငန်း

မြေခွန်၊ရေခွန်နှင့်တာတမံခွန် စည်းကြပ်ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ အောက်ဖော်ပြပါ ဥပဒေ၊ နည်းဥပဒေ၊ အမြဲအမိန့်နှင့် ညွှန်ကြားချက် များကို ကျင့်သုံး လိုက်နာဆောင်ရွက်လျက်ရှိပါသည်-

(က)    အောက်မြန်မာပြည် မြေနှင့်အခွန်၊ အက်ဥပဒေ၊ နည်းဥပဒေနှင့် အမိန့် ဆင့်ဆိုချက်များ၊

( ခ)    အထက်မြန်မာပြည် မြေနှင့်အခွန်စည်းမျဉ်းဥပဒေ၊ နည်းဥပဒေနှင့် အမိန့်ဆင့်ဆိုချက်များ၊

( ဂ)    ၁၈၉၈ ခုနှစ်၊ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေနှင့် အမိန့်ဆင့်ဆိုချက်များ၊

(ဃ)    ၁၉၆၇ ခုနှစ်၊ ဒီဇင်ဘာ (၁၀) ရက်နေ့စွဲပါအမိန့်ကြော်ငြာ စာအမှတ်-၄၂၅၊

( င)    မြန်မာနိုင်ငံကြေးတိုင်ညွှန်ကြားချက်များ၊

( စ)    မြန်မာနိုင်ငံမြေစာရင်းလက်စွဲဥပဒေ၊

(ဆ)    မြန်မာနိုင်ငံကျေးရွာလက်စွဲဥပဒေ၊

( ဇ)    ရေခွန်နှင့်တာတမံခွန်ဥပဒေ၊ နည်းဥပဒေများ၊


တည်ဆဲမြေနှင့်အခွန်ဥပဒေများအရ မြေခွန်စနစ်တွင် မြေခွန်နှုန်းထား သတ်မှတ်ခြင်း၊ မြေခွန်စည်းကြပ်ခြင်းနှင့် မြေခွန်ကောက်ခံခြင်းဟု လုပ်ငန်း (၃) ခု ပါဝင်ပါသည်။ မြေခွန်နှုန်းထားသတ်မှတ်ရန် စစ်တမ်းများကောက်ယူ၍ အဆိုပြု ခြင်းနှင့် နှစ်စဉ်ရာသီအလိုက် မြေခွန်စည်းကြပ်ခြင်းလုပ်ငန်းတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့်စာရင်းအင်းဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပြီး မြေခွန်ကောက်ခံ ခြင်းကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်ပါသည်။ ရေခွန်နှင့် တာတမံခွန်စည်းကြပ်ကောက်ခံခြင်းလုပ်ငန်း ကို ၂၀၁၇ ခုနှစ်၊ ရေခွန်နှင့်တာတမံခွန်ဥပဒေအရ ဖွဲ့စည်းထားသည့် ရေခွန်နှင့် တာတမံခွန် စည်းကြပ်ကောက်ခံရေးအဖွဲ့အဆင့်ဆင့်မှ တာဝန်ယူ ဆောင်ရွက် ရပါသည်။

နှစ်စဉ်စည်းကြပ်ကောက်ခံလျက်ရှိသော မြေခွန်အရပ်ရပ်တွင် လယ်ယာမြေ ပေါ်၌ ကောက်ခံသည့် မြေခွန် (Land Revenue) နှင့် မြို့မြေအတွင်း လူနေ အိမ်ရာနှင့် စက်ရုံအလုပ်ရုံများအတွက် ကောက်ခံသည့် မြေငှားခွန် (Rent) ဟု (၂) မျိုး ပါဝင်ပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနအနေဖြင့် မြေခွန်စည်းကြပ် မှုကို နှစ်စဉ်စိုက်ပျိုး ရာသီအလိုက် သီးနှံများရိတ်သိမ်းသည့်ကာလတွင် လက်ရှိ မြေအသုံးချမှုနှင့် သီးနှံရိတ်သိမ်းဖြစ်ထွန်းမှုကို ကွင်းဆင်းတိုင်းတာ မှတ်သားပြီး၊ မြေခွန်စည်းကြပ်ဧရိယာနှင့် မြေခွန်နှုန်းထားများအရ မြေခွန်ပြေစာ စည်းကြပ် ရေးသားပြုစု၍ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကောက်ခံနိုင်ရေး ပေးပို့ပါသည်။

(ဂ)    စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းလုပ်ငန်း

ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနအနေဖြင့် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းများ အပိုင်ပေးခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်းနှင့်အခြားနည်းဖြင့် လွှဲပြောင်းခြင်းအပြင် ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများ လွှဲပြောင်းခြင်း၊ ရောင်းဝယ်ခြင်း အစရှိသည့် ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် စာချုပ်စာတမ်း များ၊ မွေးစားခြင်းစာချုပ်များ၊ သေတမ်းစာများ၊ ကုန်အမှတ်တံဆိပ်များ၊ ကိုယ်စားလှယ်လွှဲအပ်စာများနှင့် တရားရုံးမှ ချမှတ်သည့် အမိန့်များ အစရှိသည်တို့ကို တရားဝင်မှတ်ပုံတင်ခြင်းလုပ်ငန်းများ စိစစ်ဆောင်ရွက် ပေးလျက်ရှိပါသည်။

စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် အောက်ဖော်ပြပါ တည်ဆဲဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရပါသည်-

(က)    ပစ္စည်းလွှဲပြောင်းမှုအက်ဥပဒေ၊

( ခ)    သီးခြားသက်သာခွင့်ဥပဒေ၊

( ဂ)    မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေနှင့်နည်းဥပဒေများ

(ဃ)    ကိတ္တိမသားသမီးမွေးစားခြင်း မှတ်ပုံတင်အက်ဥပဒေ၊

( င)    မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ၊

( စ)    တရားမဝင်သော နည်းလမ်းဖြင့် ရရှိသည့်ငွေကြေးနှင့်ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေ၊

(ဆ)    စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေ၊ နည်းဥပဒေ၊ အမိန့် ကြော်ငြာစာနှင့် ညွှန်ကြားချက်များ။