Skip to main content

သိမှတ်ဖွယ်ရာ အဖြာဖြာများ

ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနအနေဖြင့် မြေစာရင်းပုံစံ(၁၀၅)၊ (သက်သေခံ မြေပုံ)၊ မြေစာရင်း ပုံစံ(၁၀၆)၊ (ဦးပိုင်တစ်ခု၏ရာဇဝင်) များအား တည်ဆဲနှစ်အတွင်း အသုံးပြုလျက်ရှိသော စာရင်း မြေပုံအခြေခံလျက် မြေစာရင်းပုံစံ(၁၀၅)ဆိုသည်မှာ မှန်ကြောင်းသက်သေမခံ/ သက်သေခံသော လက်ရှိမြေပုံတွင် ယခုနှစ်အသုံးပြုသော ဦးပိုင်မြေပုံလက်ခံရေးကူးရန် ပုံစံဖြစ်ပါသည်။

  • မြေစာရင်းပုံစံ(၁၀၅)သည် မြေပိုင်ဆိုင်မှုဆိုင်ရာ အထောက်အထားတစ်ခု မဟုတ်ဘဲ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ တည်ဆဲနှစ်တွင် အသုံးပြုလျက် ရှိသည့် ကွင်း/အကွက်မြေပုံမှ ရေးကူးပေးသော ဦးပိုင်တစ်ခု၊ မြေကွက် တစ်ကွက်နှင့်ပတ်သက်သည့် မှန်ကန်ကြောင်း သက်သေခံ/သက်သေမခံသည့် စာရင်းမြေပုံကောက်နုတ်ချက်မိတ္တူပုံစံဖြစ်ပါသည်။
  • မြေစာရင်းပုံစံ(၁၀၆)ဆိုသည်မှာ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနတွင် မှတ်တမ်း ထိန်းသိမ်းထားသည့် မှတ်ပုံစာရင်းများမှ ရေးကူးပေးသည့် ဦးပိုင်တစ်ခု၏ ရာဇဝင်ပုံစံ ဖြစ်ပါသည်။

 

ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ စာရင်းမြေပုံ (သို့မဟုတ်) ကောက်နုတ်ချက်မိတ္တူများ ရရှိလို ပါက အောက်ပါအတိုင်း လျှောက်ထားဆောင်ရွက်သွားရန်- 

  • လျှောက်လွှာပုံစံ မြေစာရင်းပုံစံ(၁၀၃)ဖြင့် မြို့နယ်မြေစာရင်းဦးစီးဌာနမှူးထံ လျှောက်ထားရပါမည်။
  • ရေးကူးလိုသည့် မြေကွက်အကြောင်းအရာ အချက်အလက်များကို ပြည့်စုံ မှန်ကန်စွာ ရေးသွင်းဖော်ပြရပါမည်။
  • ရေးကူးလိုသည့်အကြောင်းအရာကို တိကျစွာဖော်ပြရပါမည်။ (ဥပမာ- စာချုပ် စာတမ်းမှတ်ပုံတင်ပြုလုပ်ရန်/ တရားရုံးသက်သေခံတင်ပြရန်/ အနားလေးရပ် မြေတိုင်းတာရန် စသည့်)
  • လျှောက်လွှာတွင် ပိုင်ဆိုင်သူ (သို့) သက်ဆိုင်သူ ကိုယ်တိုင်လျှောက်ထားလျှင် ပိုင်ဆိုင်ကြောင်း (သို့) တနည်းနည်းဖြင့် သက်ဆိုင်ကြောင်း အထောက်အထား များ၊ကိုယ်စားလှယ်ဖြစ်ပါက တရားဝင်ကိုယ်စားလှယ်လွှဲစာကို ပူးတွဲတင်ပြရပါမည်။
  • သာသနာမြေဖြစ်ပါက ကျောင်းထိုင်ဆရာတော် (သို့) ဂေါပကအဖွဲ့မှ လျှောက်ထား ရပါမည်။
  • အငြင်းပွားနေသောမြေများဖြစ်ပါက အပြီးသတ်အမိန့်ဒီဂရီ ဆုံးဖြတ်ချက်ပူးတွဲ ဖော်ပြရပါမည်။
  • လျှောက်ထားမြေနှင့်သက်ဆိုင်သည့် အုပ်စုမြေတိုင်းစာရေးမှ ကွင်းဆင်းတိုင်းတာ ၍ လ/ထဦးစီးမှူးအား  ကွင်းဆင်းစိစစ်ဆောင်ရွက်စေခြင်း၊
  • ကွင်းဆင်းစိစစ်မှုအပေါ် စာရင်းမြေပုံမှန်ကန်ပါက မြို့နယ်ဦးစီးဌာနမှူးထံ ရေးကူးနိုင်ရေး  တင်ပြခြင်း၊
  • မိတ္တူရေးကူးခွင့်ပြုပြီးပါက လျှောက်ထားသူမှ  သတ်မှတ်နှုန်းထားများ ပေးသွင်း ဆောင်ရွက်စေခြင်း၊
  • မိတ္တူရေးကူးခ(၃ပုံ၁ပုံ)အား နိုင်ငံတော်သို့ ပေးသွင်းပြီးပါက လျှောက်ထားသည့် နေ့မှစ၍ (၁၅)ရက်အတွင်း လျှောက်ထားသူများထံ ညွှန်ကြားချက်များနှင့်အညီ ထုတ်ပေးသွားမည် ဖြစ်ပါသည်။

 

(က) လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) လျှောက်ထားနိုင်သူများ 

အသက် ၁၈ နှစ်ပြည့်ပြီးသော နိုင်ငံသားသည် အောက်ပါအချက်တစ်ရပ်ရပ်တွင် အကျုံး၀င်ပါက လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်လွှာ (ပုံစံ ၁) ကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးတွင်အခမဲ့ ရယူ၍ ပြည့်စုံစွာဖြည့်စွက်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) လျှောက်ထားနိုင်ပါ သည် - (နည်းဥပဒေအပိုဒ်-၃)

  • တောင်သူလယ်သမားအိမ်ထောင်စု သို့မဟုတ် အိမ်ထောင်သားစု၀င်ဖြစ်ခြင်း၊
  • အိမ်ထောင်သားစုအကြီးအကဲ သို့မဟုတ် အိမ်ထောင်သားစုတွင်ပါ၀င်သူ တစ်ဦး သို့မဟုတ် အုပ်ထိန်းသူဖြစ်ခြင်း၊
  • ပူးတွဲလက်ရှိအသုံးပြုခွင့်ရရှိထားပါက ယင်းအကျိုးတူခံစားခွင့်ရှိသော တောင်သူ လယ်သမား အိမ်ထောင်သားစုဖြစ်ခြင်း၊
  • လယ်ယာမြေ ဥပဒေအာဏာမတည်မီ တရား၀င်လက်ရှိ လက်ငုတ် လုပ်ကိုင်နေသူ ဖြစ်ခြင်း၊
  • လယ်ယာမြေ ဥပဒေပြဌာန်းပြီးနောက် တရား၀င်အကျိုးခံစားခွင့်ရှိသူဖြစ်ခြင်း၊
  • လျှောက်ထားသည့် လယ်ယာမြေတွင် အမှန်တကယ် လုပ်ကိုင်နေသူဖြစ်ကြောင်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် လယ်နီးချင်း သက်သေနှစ်ဦးတို့က ထောက်ခံ သူဖြစ်ခြင်း၊
  • ဦးစီးဌာန၏မှတ်တမ်းများအရ အတည်ပြုခံရသူဖြစ်ခြင်း၊
  • လယ်ယာမြေကို အသုံးပြုခွင့် ရရှိနိုင်ရန် အထောက်အထားတင်ပြနိုင်သူဖြစ်ခြင်း၊

 လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ၏ အခွင့်အရေးများ 

လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူများသည် အောက်ပါအခွင့်အရေးများကို ခံစားရမည်ဖြစ်ပါသည် - 

  • လယ်ယာမြေကို လက်ရှိထားပိုင်ခွင့်၊ လယ်ယာမြေလုပ်ပိုင်ခွင့်၊ ယင်းသို့ လုပ်ပိုင်ခွင့်မှ ပေါ်ထွက်လာသည့် အကျိုးအမြတ်ကို ခံစားပိုင်ခွင့်၊
  • လယ်ယာမြေကို အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ လုပ်ပိုင်ခွင့်အား သတ်မှတ် ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ် ခွင့်နှင့်ပေးကမ်းခွင့်၊
  • လယ်ယာ‌မြေလုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်းနှင့်စပ်လျဉ်း၍ အငြင်းပွားမှု ပေါ်ပေါက် လာပါက တည်ဆဲဥပဒေနှင့်အညီ သက်ဆိုင်ရာတရားရုံး၏ အဆုံးအဖြတ် ခံယူနိုင်ခွင့်၊
  • သတ်မှတ်သည့် စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်း မရှိသရွေ့ လယ်ယာမြေ လုပ်ပိုင်ခွင့်၊
  • လယ်ယာမြေတွင် စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ သို့မဟုတ် အစိုးရ အသိအမှတ်ပြုထားသည့် အဖွဲ့အစည်း၊ အသင်းအဖွဲ့များ၏ ရင်းနီးမြှုပ်နှံမှုဖြင့် လည်းကောင်း၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့်လည်းကောင်း အကျိုးတူလုပ်ကိုင်ခွင့်၊
  • လယ်ယာမြေတွင် နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားပါဝင်သော အဖွဲ့အစည်းနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ အကျိုးတူလုပ်ကိုင်ခွင့်။

လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ လိုက်နာရမည့် စည်းကမ်းချက်များ 

လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူသည် -

  • ဤဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း လယ်ယာမြေကို လုပ်ကိုင်ရမည်။
  • လယ်ယာမြေ နှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ စည်းကြပ်သော မြေခွန် နှင့် အခြားအခွန်အခများကို ပေးဆောင်ရမည်။
  • လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊  ငှားရမ်းခြင်း၊ လဲလှယ်ခြင်း နှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက်သည့်အခါ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က သတ်မှတ်သည့် လယ်ယာမြေတန်ဖိုးနှင့် အညီ တည်ဆဲဥပဒေအရ သတ်မှတ် သော တံဆိပ်ခေါင်းခွန်နှင့် ဦးစီးဌာနက သတ်မှတ်သည့် စာချုပ်စာတမ်း မှတ်ပုံတင်ခ တို့ကို ပေးဆောင်၍ သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်။ 
  • တည်ဆဲဥပဒေနှင့်အညီ အမွေဆက်ခံခြင်းဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ကို  ရရှိသည့် အခါ သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင် ရမည်။
  • စိုက်ပျိုးထုတ်လုပ်မှု အရင်းအနှီးအတွက်သာ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ပေါင်နှံခွင့် ရှိပြီး အစိုးရဘဏ် သို့မဟုတ် အစိုးရက အသိအမှတ်ပြုသောဘဏ်တွင်သာ ပေါင်နှံ ရမည်။ 
  • လယ်ယာမြေကို ခွင့်ပြုမိန့် မရရှိဘဲ အခြားနည်းသုံးစွဲခြင်း မပြုရ။
  • လယ်ယာမြေကို  ရာသီသီးနှံ အမျိုးအစားမှ အခြားသီးနှံ အမျိုးအစားသို့ ခွင့်ပြုချက် မရှိဘဲ ပြောင်းလဲ စိုက်ပျိုးခြင်းမပြုရ။
  • ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လယ်ယာမြေကို လှပ်ထားခြင်း မပြုရ။ သို့ရာတွင် လယ်ယာမြေကို လှပ်ထားရန် အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်ပါက မြေတည်ရှိရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှတဆင့်  မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရမည်။ ယင်းသို့ လှပ်ထားခြင်း သည်လည်း ရွှေ့ပြောင်းတောင်ယာမြေမှအပ နှစ်နှစ် ဆက်တိုက်ထက် မပိုစေရ။
  • လယ်ယာမြေလုပ်ပိုင်ခွင့် မရမီကာလအတွင်း သို့မဟုတ် လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွားမှု ဖြစ်ပေါ်နေသော ကာလအတွင်း လယ်ယာမြေကို ရောင်းချ ခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် ပေးကမ်းခြင်းမပြုရ။

လယ်ယာမြေကို ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊ ငှားရမ်းခြင်း၊ ပေါင်နှံခြင်းကိစ္စရပ်များ 

လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ-၇ ရရှိသူအနေဖြင့် လယ်ယာမြေကို ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊ ငှားရမ်းခြင်း၊ ပေါင်နှံခြင်း ကိစ္စရပ်များကို စာချုပ်ချုပ်ဆို ဆောင်ရွက် လိုပါက -

(က) သက်ဆိုင်ရာ မြို့နယ်မြေစာရင်းဦးစီးဌာနတွင် သက်သေခံမြေပုံ (၂) ပုံ (မြေစာရင်းပုံစံ ၁၀၅) ကို ဦးစွာ  လျှောက်ထားရယူရပါမည်။

(ခ) ရပ်ကွက်/ ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ရှေ့မှောက်တွင် စာချုပ်ချုပ် ဆို ရာတွင် အောက်ပါစာရွက်စာတမ်းများကို ပူးတွဲတင်ပြရပါမည် -

  • မူလထုတ်ပေးထားသည့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ - ၇ မူရင်းနှင့် သက်သေခံမြေပုံ
  • သက်ဆိုင်ရာ မြို့နယ်မြေစာရင်းဦးစီးဌာနမှ ထုတ်ပေးထားသော သက်သေခံ မြေပုံ (၂) ပုံ
  • သက်ဆိုင်ရာ ကာယကံရှင်များသည် အသိသက်သေ(၂) ဦးတို့ပါဝင်လက်မှတ် ရေးထိုးထားသည့် ထိုက်သင့်သော တံဆိပ်ခေါင်းခွန် ထမ်းဆောင်ထားသည့် ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊ ငှားရမ်းခြင်း၊ ပေါင်နှံခြင်း ပြုလုပ် မည့် စာချုပ် 

(ဂ) စာချုပ်ချုပ်ဆိုပြီးပါက ရက်ပေါင်း (၁၂၀) အတွင်း သက်ဆိုင်ရာ မြို့နယ်မြေစာရင်း ဦးစီးဌာနရုံးများတွင် အဆိုပါ စာချုပ်စာတမ်းအား မှတ်ပုံတင်ခ ပေးဆောင်၍ မှတ်ပုံ တင်ရပါမည်။ 

(ဃ) မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အပြီးသတ် မှတ်ပုံတင်ဆောင်ရွက်ပြီးပါကကာယကံရှင်ထံ စာချုပ်စာတမ်းအား ပြန်လည်ထုတ် ပေးသွားမည်ဖြစ်ပါသည်။

လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ အမည်ပြောင်းလဲခြင်းကိစ္စ

လယ်ယာမြေကို စာချုပ်စာတမ်းမှတ်ပုံတင်ပြီးနောက် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ အမည် ပြောင်းလဲပေးရန်လျှောက်ထားလိုပါက-

(က) သက်ဆိုင်ရာ မြို့နယ်မြေစာရင်းဦးစီးဌာနတွင် သက်သေခံ မြေပုံ (၂) ပုံ (မြေစာရင်းပုံစံ ၁၀၅) ကို ဦးစွာ  လျှောက်ထားရယူရပါမည်။

(ခ) စာချုပ်ချုပ်ဆိုပြီးသူများအနေဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ အမည်ပြောင်းလဲ ပေးရန်လျှောက်လွှာပုံစံ - ၉ ဖြင့် မြို့နယ်မြေစာရင်းဦးစီးဌာနသို့ လျှောက်ထားရပါမည်။

 

(ဂ) ထိုသို့လျှောက်ထားရာတွင် အောက်ပါစာရွက်စာတမ်းများကို ပူးတွဲ တင်ပြရပါမည် -

  • လျှောက်ထားသူ၏ နိုင်ငံသား/အမျိုးသားစိစစ်ရေးကတ်မိတ္တူ၊
  • အစိုးရမဟုတ်သောအဖွဲ့အစည်း၊ ကုမ္ပဏီသို့မဟုတ်အသင်းအဖွဲ့မှ လျှောက်ထား ပါက အဖွဲ့အစည်း သို့မဟုတ် အသင်းအဖွဲ့အား ဖွဲ့စည်းခွင့်ပြုသည့် အမိန့်စာ မိတ္တူ၊
  • မူလထုတ်ပေးထားသည့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ - ၇ မူရင်း နှင့် သက်သေခံမြေပုံ
  • မူလလုပ်ပိုင်ခွင့်ရသူထံမှ လျှောက်ထားသူအား ရောင်းချ၊ လဲလှယ်၊ ပေးကမ်း၊ အမွေဆက်ခံ ရရှိသည့်စာချုပ်မိတ္တူ၊
  • အမွေဆက်ခံခြင်းဖြင့် လုပ်ပိုင်ခွင့်ပြုလက်မှတ် အမည်ပြောင်းလဲပေးပါရန် လျှောက်ထားခြင်းဖြစ်ပါက သက်ဆိုင်ရာတရားရုံးက ထုတ်ပေးသော အမွေ ဆက်ခံခွင့် လက်မှတ်မိတ္တူ၊  
  • ဘဏ်သို့ပေါင်နှံထားသော လယ်ယာမြေကို လေလံတင်ရောင်းချခြင်းဖြင့် လက်ခံ ရရှိထားပါက ယင်း အထောက်အထားမိတ္တူ၊
  • မြို့နယ်မြေစာရင်းဦးစီးဌာနမှ ထုတ်ပေးသော မှန်ကန်ကြောင်း သက်သေခံ လက်မှတ်ရေးထိုးထားသည့် မြေပုံ (၂)ပုံ။

 (ဃ) မြို့နယ်မြေစာရင်းဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တို့သည် သတ်မှတ်ချက်များနှင့်အညီ စိစစ်ဆောင်ရွက်ပြီးပါက လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ - ၇ ကို ပြင်ဆင်ထုတ်ပေးသွားမည် ဖြစ်ပါသည်။

 

 

 

 

 

နိုင်ငံတော် စီးပွားဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒေသခံများ၊ မြေယာမဲ့ နိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရေးတို့အတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံအတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဓာတ်သတ္တုထုတ် လုပ်ခြင်းလုပ်ငန်းနှင့် အစိုးရကခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများကို လုပ်ကိုင်နိုင်ရန်အတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဗဟိုကော်မတီနှင့် သက်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီတို့က လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်ခွင့်ပြုနိုင်မည့် နှစ်ကာလအပိုင်းအခြားအလိုက် ခွင့်ပြုသင့်သည့်ဧရိယာကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပြုသည့် အမိန့်ကိုခေါ်ဆိုခြင်းဖြစ်ပါသည်။

ထို့သို့ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိရန်အတွက် အောက်ပါအတိုင်း လျှောက်ထားရမည်။

စိုက်ပျိုးရေးလုပ်ငန်း (လျှောက်လွှာပုံစံ-၁)

  • ဧက ၃၀၀ထက် မပိုသော မြေဧရိယာများအတွက် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ် စီမံခန့်ခွဲရေးကော်မတီသို့
  • ဧက ၃၀၀ အထက် မြေဧရိယာများအတွက် ဗဟိုကော်မတီသို့

မွေးမြူရေးလုပ်ငန်း (လျှောက်လွှာပုံစံ-၂)

  • ဧက ၅၀ထက် မပိုသော မြေဧရိယာများအတွက် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ် စီမံခန့်ခွဲရေးကော်မတီသို့
  • ဧက ၅၀ အထက် မြေဧရိယာများအတွက် ဗဟိုကော်မတီသို့

 ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်း (လျှောက်လွှာပုံစံ-၃)

  • ဗဟိုကော်မတီသို့ 

အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်း (လျှောက်လွှာပုံစံ-၄)

  • ဗဟိုကော်မတီသို့

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို လျှောက်ထားခွင့်ရှိသူများ

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို လျှောက်ထားခွင့်ရှိသူများ မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(၁) မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ၊

(၂) အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊

(၃) ၁၉၈၇ခုနှစ်၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေပုဒ်မ ၁၄ နှင့်အညီ ကင်းလွတ်ခွင့် ပြုထားသူများ၊

(၄) အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း တစ်ရပ်ရပ်နှင့် အကျိုးတူကိစ္စရပ်များအတွက် ဆောင်ရွက်မည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၊

(၅) မြန်မာနိုင်ငံသား ရင်နှီးမြှုပ်နှံသူများနှင့် အကျိုးတူကိစ္စရပ်များအတွက် ဆောင်ရွက်မည့် မြန်မ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၊

(၆) မြေယာမဲ့ နိုင်ငံသားများအတွက်သော်လည်းကောင်း၊ လုပ်ကွက်ငယ် တောင်သူလယ်သမားများ အတွက်သော်လည်းကောင်း ပြန်လည်နေရာချထားရေးနှင့် ပြန်လည်

ထူထောင်ရေး လုပ်ငန်းများအတွက်သော်လည်းကောင်း တာဝန်ယူဆောင်ရွက်သည့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပြုမိန့်ကာလ

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်နှင့်ပတ်သက်၍ ခွင့်ပြုနိုင်သည့် ကာလ များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

စိုက်ပျိုးရေးလုပ်ငန်း

  • နှစ်ရှည်ပင်နှင့် ဥယျာဉ်ခြံသီးနှံဖြစ်လျှင် စတင်ခွင့်ပြုသည့် နေ့ရက်မှစ၍ နှစ်ပေါင်း ၃၀
  • ရာသီသီးနှံ၊စက်မှုကုန်ကြမ်းရာသီသီးနှံဖြစ်လျှင် သတ်မှတ်သော စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်းမရှိသ၍

မွေးမြူရေးလုပ်ငန်း

  • စတင်ခွင့်ပြုသည့် နေ့ရက်မှစ၍ နှစ်ပေါင်း ၃၀

ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်း

  • မြန်မာသတ္တုတွင်းဥပဒေအရ သတ်မှတ်ပြဌာန်းထားသည့်ကာလ
  • သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနနှင့်ညှိနှိုင်းခွင့်ပြုသည့် ကာလ

အစိုးရကခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများ

  • သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနနှင့် ညှိနှိုင်းခွင့်ပြုသည့် ကာလ

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူများမှ ပေးသွင်းရမည့် အာမခံကြေး

စိုက်ပျိုးရေးလုပ်ငန်း

  • တောင်သူလယ်သမားနှင့် မိသားစုတစ်နိုင်တစ်ပိုင် လုပ်ကိုင် လိုသော ဧက ၅၀နှင့်အောက်ဖြစ်လျှင် တစ်ဧက ကျပ် ၃၀၀၀
  • စီးပွားဖြစ် လုပ်ကိုင်လိုသောမြေသည် ၅၀ဧကအထက်ဖြစ်လျှင် တစ်ဧက ကျပ် ၁၀၀၀၀

မွေးမြူရေးလုပ်ငန်း

  • တစ်ဧကလျှင် ကျပ် ၁၀၀၀၀

ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်း

  • တစ်ဧကလျှင် ကျပ် ၁၀၀၀၀

အစိုးရကခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်း

  • တစ်ဧကလျှင် ကျပ် ၁၀၀၀၀

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပြုထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအတွက် ပေးသွင်းရမည့် မြေခွန်

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပြုထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအတွက် ပေးသွင်းရမည့် မြေခွန် မြေလွတ်၊ မြေလပ်နှင့်

မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပြုထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအတွက် မြေခွန် ကင်းလွတ်ခွင့်ကာလမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

စိုက်ပျိုးရေးလုပ်ငန်း

  • နှစ်ရှည်ပင်စိုက်ပျိုးမြေဖြစ်လျှင် ၇ နှစ်၊
  • ဥယျာဉ်ခြံသီးနှံ စိုက်ပျိုးမြေဖြစ်လျှင် ၅နှစ်၊
  • ရာသီသီးနှံ၊ စက်မှုကုန်ကြမ်းရာသီသီးနှံ စိုက်ပျိုးမြေဖြစ်လျှင် ၄ နှစ်

မွေးမြူရေးလုပ်ငန်း

  • ငါး၊ ပုဇွန်၊ ကဏန်းမွေးမြူရေးဖြစ်လျှင် ၂ နှစ်၊ 

တိရစ္ဆာန်မွေးမြူရေးဖြစ်လျှင်

  • ကျွဲ၊ နွား၊ မြင်းမွေးမြူရေးလုပ်ငန်းဖြစ်လျှင် ၃ နှစ်၊
  • သိုး၊ ဆိတ်မွေးမြူရေးလုပ်ငန်းဖြစ်လျှင် ၂ နှစ်၊
  • ကြက်၊ ဝက်၊ ဘဲ၊ ငုံးမွေးမြူရေးလုပ်ငန်းဖြစ်လျှင် ၁ နှစ်

ဓာတ်သတ္တုထုတ် ထုတ်လုပ်ခြင်းလုပ်ငန်း

  • စတင်ခွင့်ပြုသည့် နေ့မှစ၍ သတ်မှတ်သည့် နှုန်းထားအတိုင်း မြေခွန်စည်းကြပ်ရမည်

အစိုးရကခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများ

  • စတင်ခွင့်ပြုသည့် နေ့မှစ၍ သတ်မှတ်သည့် နှုန်းထားအတိုင်း မြေခွန်စည်းကြပ်ရမည်

စိုက်ပျိုးရေးလုပ်ငန်း နှင့် မွေးမြူရေးလုပ်ငန်းတို့တွင် မြေခွန်ကင်းလွတ်ခွင့်ကာလ ကုန်ဆုံးပြီးနောက် တစ်နှစ်လျှင် တစ်ကြိမ် အောက်ပါအတိုင်း စည်းကြပ်ရမည် -

စိုက်ပျိုးရေးလုပ်ငန်း

  • နှစ်ရှည်ပင်ဖြစ်လျှင် တစ်ဧကအတွက် ကျပ် ၃၀၀၀
  •  ဥယျာဉ်ခြံသီးနှံဖြစ်လျှင် တစ်ဧကအတွက် ကျပ်၂၀၀၀

မွေးမြူရေးလုပ်ငန်း

  • ရာသီသီးနှံ၊ စက်မှုကုန်ကြမ်းရာသီသီးနှံဖြစ်လျှင် တစ်ဧကအတွက် ကျပ် ၁၀၀၀
  • ငါး၊ ပုဇွန်၊ ဂဏန်း မွေးမြူရေးလုပ်ငန်းဖြစ်လျှင် တစ်ဧကအတွက် ကျပ် ၃၀၀၀
  • တိရိစ္ဆာန်မွေးမြူရေးမြေဖြစ်လျှင် တစ်ဧကအတွက် ကျပ်၁၀၀၀

ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်း

  • စတင်ခွင့်ပြုသည့် နေ့မှစ၍ တစ်ဧကလျှင် ကျပ် ၅၀၀၀

အစိုးရကခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်း

  • စတင်ခွင့်ပြုသည့် နေ့မှစ၍ တစ်ဧကလျှင် ကျပ် ၅၀၀၀

 မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းမှ လယ်ယာမြေအဖြစ် ပြောင်းလဲခြင်း

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီထံမှ 

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ပိုင်ခွင့် သို့မဟုတ် အသုံးပြုခွင့် ရရှိထားသူသည် မိမိလုပ်ကိုင်သော သို့မဟုတ် အသုံးပြုသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ဧရိယာအားလုံးကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေအရ သတ်မှတ်ထားသည့်စည်းကမ်းချက်များနှင့် အညီ ဖော်ထုတ် စိုက်ပျိုးပြီးနောက် စိုက်ပျိုးသီးနှံအမျိုးအစားအလိုက် ဖော်ထုတ်စိုက်ပျိုးလုပ်ကိုင်ပြီးစီးမှု တည်ငြိမ်သည့် အခြေအနေ ဖော်ပြသော ဓာတ်ပုံမှတ်တမ်းနှင့်အတူ ခိုင်လုံသော အထောက်အထားပူးတွဲ၍ 

  •  မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းကို လယ်ယာမြေအဖြစ် ပြောင်းလဲ  သတ်မှတ်ပေးရန် လျှောက်လွှာ (ပုံစံ-၁၀) ဖြင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်နှင့် စပ်လျဉ်း၍ ပြစ်မှုနှင့် ပြစ်ဒဏ်များ

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရှိသော မြေပေါ်ရှိ ပစ္စည်းနှင့် စပ်လျဉ်း၍ အကျိုးဖျက်ဆီးကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင်

  • သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊
  • ကျပ်တစ်ဆယ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊
  • ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်၊

ဤဥပဒေနှင့်အညီ ခွင့်ပြုမိန့်မရှိဘဲ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ပေါ်တွင် ဝင်ရောက်ကျူးကျော် နေထိုင်ခြင်း သို့မဟုတ် ဝင်ရောက် ကျူးကျော်နေထိုင်စေခြင်း၊ ကျူးကျော်ဝင်ရောက် လုပ်ကိုင်ခြင်း သို့မဟုတ် ဝင်ရောက်ကျူးကျော် လုပ်ကိုင်စေလျှင်ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် 

  • နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ 
  • ကျပ်ငါးသိန်းထက် မပိုသောငွေဒဏ်ဖြစ်စေ၊ 
  • ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်

 မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ မံခန့်ခွဲရေး ဥပဒေအရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူ သို့မဟုတ်ယင်း၏ကိုယ်စားလှယ်၏သဘောတူခွင့်ပြုချက်မရှိဘဲ အဆိုပါ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းပေါ်တွင် ဝင်ရောက်ကျူးကျော်လုပ်ကိုင်လျှင် 

  • နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ 
  • ကျပ်ငါးသိန်းထက် မပိုသောငွေဒဏ်ဖြစ်စေ၊ 
  • ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်

 မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ အသုံးပြုခွင့်ရရှိသူ သို့မဟုတ် ထိုသူ၏ သဘောတူခွင့်ပြုချက်အရ လုပ်ကိုင်သူက ဆိုပါမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ပေါ်တွင် ဆောင်ရွက်သောလုပ်ငန်းဆောင်ရွက်မှု တစ်စုံတစ်ရာကို ဟန့်တား နှောက်ယှက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်  

  • ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ 
  • ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊
  • ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်၊

 မည်သူမဆို ဤဥပဒေအရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ပြန်လည် ရုတ်သိမ်းထားသည့် မြေပေါ်မှ ထွက်ခွာဖယ်ရှားပေးရန် ပျက်ကွက်ကြောင်းပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်

  • တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊
  • ကျပ်သုံးသိန်းထက်ပိုသော ငွေဒဏ်ဖြစ်စေ
  • ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူမည်သူမဆို ပုဒ်မ(၁၆)၊ ပုဒ်မခွဲ(ဂ)ပါ စည်းကမ်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင်

  • နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊
  • ကျပ်တစ်ဆယ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊
  • ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်ရမည်

ပုဒ်မ (၁၆)၊ ပုဒ်မခွဲ (စ)ပါစည်းကမ်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင်

  • ခုနှစ်နှစ်ထက် မပိုသော  ထောင်ဒဏ်ချမှတ်ရမည့်အပြင်  ငွေဒဏ်လည်း ချမှတ်နိုင်သည်

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရှိသောမြေပေါ်ရှိ ပစ္စည်းနှင့် စပ်လျဉ်း၍ အကျိုးဖျက်ဆီးကြောင်းပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်  

  • သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊
  • ကျပ်တစ်ဆယ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊
  • ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်၊

 

 

 

 

 

 

 

လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုလိုပါက -

(က) လယ်ယာမြေကို အခြားနည်းဖြင့်အသုံးပြုခွင့် လျှောက်ထားလိုသူသည် လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့်လျှောက်လွှာ ပုံစံ  - ၁၄ ဖြင့် မြို့နယ်မြေစာရင်းဦးစီးဌာနသို့ လျှောက်ထားရပါမည်။

(ခ) လျှောက်ထားရာတွင် အောက်ပါ စာရွက်စာတမ်းများကို ပူးတွဲ၍ တင်ပြရပါမည်-

  • လျှောက်ထားသူ၏ မှတ်ပုံတင် မိတ္တူနှင့် လျှောက်ထားသူ၏ ဝန်ခံချက်
  • အစိုးရမဟုတ်သော အဖွဲ့အစည်း၊ ကုမ္ပဏီ သို့မဟုတ် အသင်းအဖွဲ့မှ လျှောက် ထားပါက အဖွဲ့အစည်းအမည်နှင့် တည်နေရာ၊ မှတ်ပုံတင်အမှတ်၊ မှတ်ပုံ တင်သည့် နေ့စွဲနှင့် အသင်းသားဦးရေစာရင်း
  • လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ - ၇  သို့မဟုတ် ပိုင်ဆိုင်ကြောင်း အထောက်အထား စာရွက်စာတမ်း၊ မိတ္တူများ
  • လျှောက်ထားသည့်မြေပေါ်တွင် ဆောက်လုပ်ပြီး (သို့မဟုတ်) ဆောက်လုပ်မည့် အဆောက်အဦများ တည်နေရာ ဖော်ပြသည့် မြေပုံ Layout Planပုံ၊ နှစ်မျိုးလုံး ပါဝင်နေပါကဆောက်လုပ်ပြီးနှင့် ဆောက်လုပ်ရန် ရည်ရွယ်သော အဆောက်အဦ များကို ခွဲခြားဖော်ပြရန် (လျှောက်ထားသည့် မြေသည် တိုးချဲ့ရန်ဖြစ်ပါက လက်ရှိအသုံးပြု နေသောမြေနှင့် တိုးချဲ့ရန်လိုသော မြေနှစ်ရပ်ကိုခွဲခြား ဖော်ပြရန်)
  • လျှောက်ထားမြေတွင် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်
  • လျှောက်ထားမြေနေရာ ဖော်ပြပါရှိသော Google မြေပုံ
  • လျှောက်ထားမြေ၏ ဓါတ်ပုံမှတ်တမ်း
  • လျှောက်ထားသော လုပ်ငန်းအတွက် လုံလောက်သော မတည်ရင်းနှီးငွေ ရှိကြောင်း ခိုင်လုံသော အထောက်အထား
  • လျှောက်ထားမြေ၏ ပတ်ဝန်းကျင်နေထိုင်သူများ၏  ထောက်ခံချက်
  • သက်ဆိုင်ရာ မြို့နယ်မြေစာရင်းဦးစီးဌာနမှ ထုတ်ပေးထားသော သက်သေခံ မြေပုံ (၂) ပုံ (မြေစာရင်းပုံစံ (၁၀၅))
  • သက်ဆိုင်ရာ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၏ ထောက်ခံချက်

(ဂ) မြို့နယ်မြေစာရင်းဦးစီးဌာနမှ စိစစ်ဆောင်ရွက်ပြီး သဘောထားမှတ်ချက်ဖြင့် လုပ်ငန်း စာတွဲဖွင့်လှစ်ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြသွားမည် ဖြစ်ပါသည်။

(ဃ) မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်သို့ စိစစ်၍ တင်ပြပြီး လယ်မြေဖြစ်ပါက ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့မှလည်းကောင်း၊ လယ်မြေမှတစ်ပါး လယ်ယာမြေဖြစ်ပါက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှလည်းကောင်း အခြားနည်းဖြင့်အသုံးပြုခွင့်ကို လယ်ယာ မြေဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများ၊ လုပ်ထုံး လုပ်နည်း များနှင့်အညီ စိစစ်၍ ခွင့်ပြုခြင်း သို့မဟုတ် ခွင့်မပြုကြောင်း အကြောင်း ကြားခြင်းများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

(င)လယ်ယာမြေကို ခွင့်ပြုချက်မရှိဘဲ စိုက်ပျိုးမှုမှအပ အခြားနည်းဖြင့် အသုံးပြုပါက တည်ဆဲ လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူခြင်းကို ခံရမည် ဖြစ် ပါသည်။

 

 

ဂရန်လျှောက်ထား ရာတွင်လိုအပ်သည့်အချက်များ

(က) အများပြည်သူအကျိုးငှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တည်ဆဲဥပဒေများ နှင့်အညီ ဂရန်၊ အငှားဂရန်နှင့်လိုင်စင်များချထားပေးရာတွင် အောက်ပါအကြောင်း အရာများနှင့် စပ်လျဉ်း၍ချထားပေးပါသည်-

  • လူနေထိုင်ရန်၊
  • စက်မှုလက်မှုလုပ်ငန်းများလုပ်ကိုင်ရန်၊
  • အများပြည်သူအကျိုးငှာအသုံးပြုရန်၊
  • အခွန်လွတ်သာသနာမြေများအဖြစ် အသုံးပြုရန် 
  • လျှောက်သူအမည်၊ နေရပ်၊ အလုပ်အကိုင်။
  • လျှောက်တောင်းသည့် မြေတည်ရာအရပ်၊ လမ်း သို့မဟုတ် ရပ်ကွက်။
  • မြေနယ်နိမိတ်။
  • ဆောက်လုပ်မည့်အိမ် ခန့်မှန်းရအမြင့်၊ အကျယ်၊ ဆောက်လုပ်ရာတွင် သုံးစွဲ မည့်ဧရိယာ။
  • အဆောက်အဦဆောက်လုပ်ရန်ဖြစ်စေ၊ လူနေထိုင်ရန်ဖြစ်စေ၊ လက်မှုစက်မှု ပညာအလုပ်လုပ်ကိုင်ဆောင်ရွက်ရန်ဖြစ်စေ၊ မည်သည့်အတွက်အငှားရလိုကြောင်း။
  • လျှောက်ထားသည့်မြေကို နယ်သတ်မှတ်ပြီးဖြစ်ကြောင်း ခံဝန်ချက်။(လျှောက်ထားမြေမှာ တိုင်းတာပုံထုတ်ပြီးဖြစ်လျှင်။ ယင်းမြေပုံမှာ ရေးကူး ယူသည့် မြေပုံနှင့်အတူ ပူးတွဲတင်သွင်းရမည်။)

(ခ) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် အများပြည်သူမှဂရန်၊ အငှားဂရန် လျှောက်ထားလာပါက သက်ဆိုင်ရာမြို့နယ်/ခရိုင်အုပ်ချုပ်ရေးမှူးမှ အောက်ပါ အချက်အလက်များပါဝင်သည့် ဂရန်အမှုတွဲဖွင့်လှစ်၍ သက်ဆိုင်ရာ မြို့နယ် မြေစာရင်းဦးစီးဌာနသို့ ပေးပို့ရပါသည်-

  • မြေရာဇဝင်ကို ဖော်ပြရန်၊
  • လျှောက်ထားသောမြေသည် အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသော မြေဟုတ်/ မဟုတ်နှင့် အခြားမြေပေါ်သို့ ကျူးကျော်မှု ရှိ/မရှိ ၊
  • လျှောက်ထားသောမြေကို အခြားမည်သူက မြေပုံကူးယူ၍ ဂရန်လျှောက်ထား ခြင်း ရှိ/ မရှိ ပါက ဂရန်အမှုတွဲအမှတ်နှင့်ဖော်ပြရန်၊

(ဂ)မြို့နယ်မြေစာရင်းဦးစီးဌာနမှူးသည် သက်ဆိုင်ရာ မြို့နယ်/ခရိုင်အုပ်ချုပ်ရေးမှူး မှ ဂရန်အမှုတွဲပေးပို့လာပါက အောက်ပါအချက်များကိုစိစစ်ရပါမည်-

  • မြေရာဇဝင်ကို ဖော်ပြရန်၊
  • လျှောက်ထားသောမြေသည် အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသော မြေဟုတ်/ မဟုတ်နှင့် အခြားမြေပေါ်သို့ ကျူးကျော်မှု ရှိ/မရှိ ၊
  • လျှောက်ထားသောမြေကို အခြားမည်သူက မြေပုံကူးယူ၍ ဂရန်လျှောက်ထား ခြင်း ရှိ/ မရှိ ပါက ဂရန်အမှုတွဲအမှတ်နှင့်ဖော်ပြရန်၊
  • လျှောက်ထားသောမြေကို မည်သူအား လိုင်စင်/မြေငှားဂရန်/ဂရန်ထုတ်ပေးခဲ့ ခြင်း ရှိ/မရှိ နှင့် ရှိပါက သက်တမ်းကုန်ဆုံးမည့် နေ့ရက်၊ အမှုတွဲအမှတ်တို့ကို ဖော်ပြရန်၊
  • လျှောက်ထားသောမြေပေါ်တွင် အဆောက်အဦ ရှိ/မရှိ၊ ရှိပါကမည်ကဲ့သို့ အသုံးပြုထားကြောင်းဖော်ပြရန်၊
  • လျှောက်ထားမြေကို မြို့မြေငှားခွန်စည်းကြပ်လျှင် ကျသင့်မည့်အခွန်ကို တွက် ချက်ဖော်ပြပေးရန်၊ (ထိုသို့ တွက်ချက်ရာတွင် အထက်မြန်မာပြည် မြေနှင့်အခွန် နည်းဥပဒေအပိုဒ်-၅၁(ဆ) အရ လည်းကောင်း၊ အောက်မြန်မာပြည်မြို့နှင့် ကျေးရွာမြေများနည်းဥပဒေအပိုဒ်-၁၇ အရလည်းကောင်း တွက်ချက်ဖော်ပြပေးရန်)

(ဃ) မြို့နယ်မြေစာရင်းဦးစီးဌာနသည် ပေးပို့လာသည့်ဂရန် အမှုတွဲတွင်အထက်ပါ အကြောင်းအရာအတိုင်း စာရင်းများရေးသွင်းပြီး အဆိုပါဂရန်အမှုတွဲကို ခရိုင် အုပ်ချုပ်ရေးမှူးထံသို့ ပြန်လည်ပေးပို့ရပါသည်။ ခရိုင်အုပ်ချုပ်ရေးမှူးသည် ဥပဒေနှင့်အညီ ဂရန်၊ လိုင်စင်ချထားပြီးသည့်အခါ  မှတ်တမ်းရေးသွင်းနိုင်ရန် နှင့်အခွန်စည်းကြပ်နိုင်ရန် မြေစာရင်းဦးစီးဌာနသို့ ပေးပို့လာပါက ဌာနမှ ဦးပိုင် မှတ်ပုံစာရင်း(၁-က) တွင် မှတ်တမ်းရေးသွင်းပြီး အထွေထွေအုပ်ချုပ်ရေးဌာန သို့ ပြန်လည်ပေးပို့ရပါမည်။ 

 

 

 

စာချုပ်စာတမ်းများကို မှတ်ပုံတင်သွင်းခွင့်ရှိသူများ

မြို့တော်/မြို့နယ်စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌ အောက်ပါပုဂ္ဂိုလ်တို့က စာချုပ်စာတမ်းများ မှတ်ပုံတင်သွင်းခွင့်ရှိသည်- (ပုဒ်မ ၃၀)

စာချုပ်ချုပ်ဆိုကြသည့် ပုဂ္ဂိုလ်များ၊ တရားရုံး ဒီဂရီ သို့မဟုတ် အမိန့်ဖြစ်လျှင် ယင်းဒီဂရီ သို့မဟုတ် အမိန့်အရ အကျိုးခံစားခွင့်ရှိသည့် ပုဂ္ဂိုလ်များ၊

ကိုယ်စားပြုသူပုဂ္ဂိုလ်များ၊ (အရွယ်မရောက်သေးသူ/ ရူးသွပ်သူကို တရားဝင်ထိန်းခွင့် ရသည့် ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ အသင်းအဖွဲ့၏ ကိုယ်စား အစည်းအဝေး ဆုံးဖြတ်ချက် အရ တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်၊)

အပိုဒ်ခွဲ(က)ပါပုဂ္ဂိုလ်များက ကိုယ်စားလှယ်အဖြစ်တရားဝင်ဆောင်ရွက်ပေးရန် လက်မှတ် ရေးထိုးလွှဲအပ်ထားသည့် အောက်ပါ ကိုယ်စားလှယ်လွှဲစာရရှိထားသူများ၊

(၁) ကိုယ်စားလှယ်လွှဲအပ်သူသည် မြန်မာနိုင်ငံအတွင်းနေထိုင်ပါက လွှဲအပ်သည့် အချိန်တွင် နေထိုင်သည့် မြို့တော်/ မြို့နယ်စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိ ရှေ့မှောက်တွင် ကိုယ်စားလှယ်လွှဲအပ်ကြောင်းလက်မှတ်ရေးထိုး၍ မြို့တော်၊ မြို့နယ်စာချုပ်စာတမ်း မှတ်ပုံတင်အရာရှိက မှန်ကန်ကြောင်းသက်သေခံ လက်မှတ်ရေးထိုးထားသည့် ကိုယ်စား လှယ်လွှဲစာရရှိထားသူ၊

(၂) ကိုယ်စားလှယ်လွှဲသူသည် မြန်မာနိုင်ငံပြင်ပတွင်နေထိုင်၍ ကိုယ်စားလှယ် လွှဲစာကို ပြည်ပ၌ပြုလုပ်ခဲ့ပြီး လာရောက်မှတ်ပုံတင်ခြင်းဖြစ်ပါက သက်ဆိုင်ရာနိုင်ငံရှိ မြန်မာ နိုင်ငံသံရုံးတွင် ခန့်အပ်တာဝန်ပေးအပ်ထားသော အရာရှိတစ်ဦးဦး၏ ထပ်ဆင့် ထောက်ခံချက် သို့မဟုတ် ယင်းအရာရှိ၏ရှေ့တွင်ပြုလုပ်ထားသည့် ကိုယ်စားလှယ် လွှဲစာရရှိထားသူ။

  • စာချုပ်စာတမ်းများမှတ်ပုံတင်ပေးရန် တင်ပြလျှောက်ထားခြင်း
  • စာချုပ်စာတမ်းကို မှတ်ပုံတင်ပေးရန်တင်ပြခွင့်ရှိသူအနေဖြင့် အောက်ပါအတိုင်းတင် ပြလျှောက်ထားရမည်-
  • စာချုပ်စာတမ်းချုပ်ဆိုသူတို့သည် အားလုံးတပြိုင်တည်းဖြစ်စေ၊ တစ်ဦးချင်းစီဖြစ်စေ မြို့တော်/မြို့နယ်စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိထံ တင်ပြနိုင်သည်။ 
  • (ပုဒ်မ ၃၁-က)
  • ပုံစံ(၁)လျှောက်လွှာတွင် ရုံးခွန်အက်ဥပဒေအရထိုက်သင့်သည့်ရုံးခွန်တံဆိပ်ခေါင်း ကပ်နှိပ်ပြီး ကိုယ်တိုင်လက်မှတ်ရေးထိုး၍ မှတ်ပုံတင်လိုသည့် စာချုပ်စာတမ်းမူရင်းနှင့်အတူ တင်ပြလျှောက် ထားရမည်။ (နည်း ၈)
  • စာချုပ်စာတမ်းပါအကြောင်းအရာများနှင့် သက်ဆိုင်သည့် အထောက်အထားများကို သိသာ ထင်ရှားအောင် မြို့တော်/မြို့နယ်စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိထံ တင်ပြရန် တာဝန်ရှိ သည်။ (နည်း ၉)
  • စာချုပ်စာတမ်းမှတ်ပုံတင်ပေးရန်တင်ပြသူမှ တင်ပြရမည့်အထောက်အထားများ (နည်း ၁၉)
  • စာချုပ်စာတမ်းမှတ်ပုံတင်ပေးရန်တင်ပြသူသည် အောက်ပါအထောက်အထားများကို မြို့တော် / မြို့နယ်စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိထံ တင်ပြရမည်-
  • စာချုပ်စာတမ်းမှတ်ပုံတင်သူတို့ ကိုင်ဆောင်ထားသည့် နိုင်ငံသားဖြစ်ကြောင်း သက်သေခံ လက်မှတ်အထောက်အထား၊
  • တရားရုံးဒီကရီ သို့မဟုတ် အမိန့်အရ အကျိုးခံစားခွင့်ရှိသည့်ပုဂ္ဂိုလ်များက တင်ပြခြင်းဖြစ် လျှင် တရားရုံးဒီကရီ သို့မဟုတ် အမိန့်တာဝန်ခံမိတ္တူ၊
  • အရွယ်မရောက်သေးသူ သို့မဟုတ် ရူးသွပ်သူတို့၏ကိုယ်စား ကိုယ်စားပြုသူက တင်ပြခြင်း ဖြစ်လျှင် ကိုယ်စားပြုသူဖြစ်ကြောင်း အထောက်အထား၊
  • ဌာန၊ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ အသင်းအဖွဲ့၏ ကိုယ်စားဆောင်ရွက်ခြင်းဖြစ်လျှင် ဌာန၊ အဖွဲ့ အစည်း၊ ကုမ္ပဏီ၊ အသင်းအဖွဲ့၏ မှတ်ပုံတင်ကတ်နှင့် ကိုယ်စားဆောင်ရွက်ခွင့်ပြုကြောင်း ဆုံးဖြတ်သည့် အစည်းအဝေးမှတ်တမ်းမူရင်း၊ အစိုးရဌာန၊ အဖွဲ့အစည်း ဖြစ်ပါက သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်း၏ တာဝန်ပေးအပ်ခွင့်ရှိသူက တာဝန်ပေးအပ်သည့် အထောက် အထားမူရင်း၊
  • ကိုယ်စားလှယ်လွှဲစာရရှိထားသူမှ ဆောင်ရွက်ခြင်းဖြစ်လျှင် ကိုယ်စားလှယ်လွှဲစာ မူရင်းနှင့် ကိုယ်စားလှယ်လွှဲအပ်သူ သက်ရှိထင်ရှားရှိကြောင်းနှင့် ကိုယ်စားလှယ်လွှဲစာကို မရုပ်သိမ်း သေးကြောင်း အထောက်အထား။
  • စာချုပ်စာတမ်းအားမှတ်ပုံတင်ပေးရန် တင်ပြလျှောက်ထားလာပါက စစ်ဆေးရမည့်အချက်များ 
  • စာချုပ်စာတမ်း (နည်း ၁၀)
  • မှတ်ပုံတင်ပေးရန်တင်ပြလာသည့် စာချုပ်စာတမ်းများကို မြို့တော်/မြို့နယ်စာချုပ်စာတမ်း မှတ်ပုံတင်အရာရှိများအနေဖြင့် အောက်ပါအချက်များကို စိစစ်ဆောင်ရွက်ရမည်-
  • မှတ်ပုံမတင်မနေရစာချုပ်စာတမ်းများ (သို့မဟုတ်) မှတ်ပုံတင်လိုကတင်နိုင်သော စာချုပ် စာတမ်းအမျိုးအစားများ ဟုတ် မဟုတ်၊ (ပုဒ်မ ၁၆၊ ပုဒ်မ ၁၇)
  • မြန်မာစာဖြင့် ရေးသားထားသော စာချုပ်စာတမ်းများ ဟုတ်/မဟုတ်၊ (ပုဒ်မ ၁၈-က)
  • မြန်မာစာဖြင့်ရေးသားထားသော စာချုပ်စာတမ်းမဟုတ်လျှင် နိုတြီပဗ္ဗလစ်က မှန်ကန် ကြောင်း လက်မှတ်ရေးထိုးထားသည့် မြန်မာဘာသာပြန်ဆိုချက် ပူးတွဲတင်ပြခြင်း ရှိ/မရှိ၊ (ပုဒ်မ ၁၈-ခ)
  • စာချုပ်ချုပ်ဆိုသူတို့က ပြည့်စုံစွာ ရေးသားလက်မှတ်ရေးထိုးထားသော စာချုပ်စာတမ်းများ ဟုတ်/မဟုတ်၊ (ပုဒ်မ ၁၈-ဂ)
  • စာချုပ်စာတမ်းပါ ရေးသားဖော်ပြချက်များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ချန်လှပ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုလုပ်ထားလျှင် ယင်းသို့ပြုလုပ်ထားသည့် နေရာအသီးသီး၌ စာချုပ်ချုပ်ဆိုသည့်ပုဂ္ဂိုလ်တို့၏ လက်မှတ်တို သို့မဟုတ် လက်မှတ်ရှည်ရေးထိုးထားခြင်း ရှိ/မရှိ၊ (ပုဒ်မ ၁၈-ဃ)
  • နိုင်ငံတော်အတွင်း ချုပ်ဆိုသည့် သေတမ်းစာမှတစ်ပါး အခြားစာချုပ်စာတမ်းများကို စာချုပ် ချုပ်ဆိုသည့် နေ့ရက်မှစ၍ သော်လည်းကောင်း၊ တရားရုံး၏ ဒီဂရီသို့မဟုတ် အမိန့်ကို အမိန့်ချမှတ်သည့် နေ့ရက်မှစ၍သော်လည်းကောင်း ရက်ပေါင်း(၁၂၀) အတွင်း မှတ်ပုံတင် ပေးရန်တင်ပြခြင်း ဟုတ်/မဟုတ်၊ (ပုဒ်မ ၂၁)
  • (အချိန်ကာလကုန်ဆုံးသည့်နေ့ရက်သည် ရုံးပိတ်ရက်ဖြစ်ပါက အဆိုပါရုံးပိတ် ရက်ကုန်လွန် ပြီးနောက် တစ်ဆက်တည်းဖြစ်သောရုံးဖွင့်ရက်ကို မှတ်ပုံတင်ရန် ခွင့်ပြုသည့် ကာလအဖြစ် မှတ်ယူရမည်။) (နည်း ၁၂)
  • စာချုပ်စာတမ်းတစ်ခုကို နှစ်ဦးထက်ပိုသူများက လက်မှတ်ရေးထိုးချုပ်ဆိုကြသဖြင့် လက်မှတ်ရေးထိုးချိန်ကွဲပြားလျှင် နောက်ဆုံးလက်မှတ်ရေးထိုးသည့် နေ့ရက် မှ ရက်ပေါင်း (၁၂၀) အတွင်း မှတ်ပုံတင်ရန် တင်ပြခြင်း ဟုတ်/မဟုတ်၊ (ပုဒ်မ ၂၂)
  • (နောက်ဆုံးလက်မှတ်ရေးထိုးသည့်နေ့ရက်ကို စိစစ်ရာတွင် စာချုပ်စာတမ်းပါ ချုပ်ဆိုသူတို့၏ လက်မှတ်များအနက် ရက်စွဲဖော်ပြပါရှိသည့် လက်မှတ်များကိုသာ စိစစ်ဆောင်ရွက်ရမည်။) (နည်း ၁၄)
  • နိုင်ငံတော်ပြင်ပတွင် ချုပ်ဆိုသော စာချုပ်စာတမ်းဖြစ်ပါက နိုင်ငံတော်အတွင်းသို့ ရောက်ရှိ သည့် နေ့ရက်မှ ရက်ပေါင်း (၁၂၀) အတွင်း မှတ်ပုံတင်ပေးရန် တင်ပြခြင်း ဟုတ်/မဟုတ်၊ (ပုဒ်မ ၂၄-က)
  • (နိုင်ငံတော်အတွင်းသို့ ရောက်ရှိသည့်နေ့ရက်ကို စစ်ဆေးနိုင်ရန် လျှောက်ထားသူကို လုံလောက် သောအထောက်အထား တင်ပြစေရမည်။) (နည်း ၁၃)
  • မည်သည့်စာချုပ်စာတမ်းကိုမဆို မှတ်ပုံတင်သည့်အခါ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ နှင့် အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်တို့အရ သတ်မှတ်ထားသည့် အခွန်တံဆိပ်ခေါင်းကို လုံ လောက်စွာကပ်ထားခြင်း ရှိ မရှိ၊ (ပုဒ်မ ၃၂-ဃ)